
မေလ ၂၉ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အစည်းအဝေးမှာ စွမ်းအင်ကဏ္ဍ အတွက် ရေနံနဲ့ သဘာဝဓါတ်ငွေ့ တိုးမြှင့် ထုတ်လုပ်နိုင်ဖို့ ကမ်းလွန်စီမံကိန်းအသစ်တွေကို ဆောလျင်စွာ စတင်နိုင်ရန် ဆောင်ရွက်နေတယ်လို့ အဲဒီကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောပါတယ်။
စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်လို့ ကမ်းလွန်စီမံကိန်းအသစ်တွေဟာ နိုင်ငံရဲ့ အနာဂါတ်စွမ်းအင်ကဏ္ဍအတွက် အရေးပါတဲ့ စီမံကိန်းတွေ ဖြစ်ပြီး သတ်မှတ်ထားတဲ့ အချိန်တွေအတိုင်း (timeline) တွန်းအားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အဲဒီအစည်းအဝေးမှာ ကော်မရှင် ဥက္ကဌ ပြောဆိုခဲ့တာပါ။
မေလ ၂၉ ရက်မှာ စစ်ကောင်စီဟာ ၎င်းရဲ့ လက်ထက်မှာ ပထမဆုံး ကမ်းလွန်လုပ်ကွက်အဖြစ် မုတ္တမကမ်းလွန်လုပ်ကွက် (M-10) ‘မင်းရဲသူ’စီမံကိန်းကို ထိုင်းကုမ္ပဏီ Gulf Petroleum Myanmar နဲ့ ပူးပေါင်းဖော်ဆောင်ဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ထပ်မံရှာဖွေ၊ တူးဖော် ၊ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိတဲ့ ကမ်းလွန်စီမံကိန်း ၂ ခုကို အကောင်အထည်ဖော်နေပြီး လက်ရှိမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်နေတဲ့ ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွေ စတဲ့ ကမ်းလွန်လုပ်ကွက် ၄ ခု ရှိတယ်လို့ ဆိုပါတယ်။
ရေအားလျှပ်စစ်စီမံကိန်းတွေကို ကာလလတ်၊ ကာလရှင်စီမံကိန်းတွေအဖြစ် အကောင်အထည်ဖော် စီမံဆောင်ရွက်သွားရမှာဖြစ်လို့ နည်းပညာပိုင်းနဲ့ စာချုပ်စာတမ်းတွေမှာ အားနည်းချက်တွေ လိုအပ်ချက်တွေ မရှိစေဖို့ အခုကတည်းက သက်ဆိုင်ရာ ဥပဒေပညာရှင်တွေ၊ နည်းပညာရှင်းတွေနဲ့ စိစစ်ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းမှုကြောင့် လက်ရှိနိုင်ငံတဝန်းမှာ လျှပ်စစ်ဓါတ်အား ဖူလုံမှု မရှိဖြစ်နေရတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၂၀ရက် ကျင်းပတဲ့ စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားထားပါတယ်။
၂၀၂၄ ဧပြီလထဲမှာ စစ်ကောင်စီဟာ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်နိုင်ဖို့ ဧရာဝတီမြစ်ဆုံ-မြစ်ညာ ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းတယ်လို့ ကြေညာထားပါတယ်။
နေရောင်ခြင်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးစီမံကိန်းတွေ ဖော်ဆောင်နိုင်ရေး မြေနေရာလိုအပ်ချက်ကို အလွယ်တကူ ရွေးချယ်အသုံးချနိုင်ဖို့ တိုင်းနဲ့ပြည်နယ်တွေက စီမံကိန်း ဆောင်ရွက်နိုင်တဲ့ မြေနေရာတွေမှာ စီမံကိန်း ဆောင်ရွက်ဖို့ စိတ်ဝင်းစားတဲ့ လုပ်ငန်းရှင်၊ ရင်းနှီးမြှုပ်နှံလိုသူတွေကို ပံ့ပိုးကူညီပေးရမယ်လို့လည်း စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဌ ပြောပါတယ်။