
တအာင်းတပ် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နဲ့ နောင်ချိုမြို့နယ်က သစ်တောကြိုးဝိုင်းတွေမှာ ထိန်းသိမ်းကာကွယ်ရေး သတိပေးဆိုင်းဘုတ်တွေ PSLF/TNLA မြေယာနဲ့ သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနက တပ်ဆင်ခဲ့တယ်လို့ သိရပါတယ်။
မေလ ၆ ရက်က သီပေါမြို့နယ်အတွင်းရှိ သီပေါကြိုးဝိုင်းနဲ့ ကွမ်းလုံကြိုးဝိုင်း၊ မေလ ၇ ရက်မှာ နောက်ချိုမြို့နယ်ရှိ ဂုတ်ထိပ်တံတားတို့မှာ သတိပေးဆိုင်းဘုတ်တွေ လိုက်လံတပ်ဆင်ခြင်းဖြစ်တယ်လို့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက မေလ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
သစ်ဝါးခုတ်ခြင်း၊ တောမီးရှို့ခြင်း တို့ကို မပြုလုပ်ဖို့နဲ့ ပြုလုပ်ပါက ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေးဆိုင်းဘုတ်တွေမှာ ဖော်ပြထားပါတယ်။

အဲဒီလို သတိပေးဆိုင်းဘုတ်တွေကို ပြီးခဲ့တဲ့ ဧပြီလမှာလည်း ကွတ်ခိုင်မြို့နယ်နဲ့ နမ့်ခမ်းမြို့နယ်တို့မှာ စုစုပေါင်း သတိပေးဆိုင်းဘုတ် ၅၂ ချပ် တပ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလထဲမှာလည်း PSLF/ TNLA ရဲ့ မြေယာနဲ့ သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနက တပ်မဟာ ၃ နယ်မြေ၊ မိုးမိတ်မြို့နယ်ထဲမှာ ကန့်သတ်ကြိုးဝိုင်း ၅ ဝိုင်းကို သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။