
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရတနာပူရ အင်းဝမြို့ဟောင်း နယ်မြေထဲ မတ်လ ၁၈ ရက် ငလျင်ကြီး ကြောင့် ပေါ်လာတဲ့ ရေနန်းတော်ကို စနစ်တကျ ဖော်ထုတ် ထိန်းသိမ်းသွားပြီး အများပြည်သူ လေ့လာနိုင်ဖို့ စီမံ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဧပြီလ ၆ ရက်က စတင်ပြီး ငလျင်ကြောင့် တွေ့ရှိတဲ့ အဲဒီ ရေနန်းတော်ကို စတင်တူးဖော်နေပြီးလို့ စစ်ကောင်စီရဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ဒီနေ့ ဧပြီလ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
လက်ရှိမှာ အရှေ့ဘက် သရက်ကင်းလှေကားရဲ့ သရက်ကင်းပုံ မြောက်ဘက်လက်တံနဲ့ ဆင်ကပ်အုတ်ခုံတို့ကို တူးဖော်တွေ့ရှိခဲ့ပြီး ပန္နက်အုတ်ခုံ အလျား ၁၀ ပေ ၆ လက်မ၊ အနက် ၃ ပေ ၈ လက်မ၊ အုတ်ခံထောင့်ချိုး ၂ ပေ ၆ လက်မ၊ အုတ်ခုံမှ လှေကားအထွက် ခိုနန်းချိုး ၁၈ လက်မ၊ လက်ရုံးဒေါင့်ချိုး ၈ လက်မ၊ ခိုနန်းချိုးမှ သရက်ကင်းအဆုံး ၁၁ ပေ ၄ လက်မတို့ကို တူးဖော်တွေ့ထားကာ ဆက်လက်တူးဖော်သုတေသန ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ကနဦး စမ်းသပ်တူးဖော်တွေ့ရှိချက်အရ ပုရပိုက်ပုံဆွဲတွေထဲ တွေ့ရှိရတဲ့ ရေနန်းတော်ပုံစံ အဆောက်အအုံ များစွာပါဝင်တဲ့ ကြီးမားတဲ့ အဆောက်အအုံမျိုး မဟုတ်နိုင်ကြောင်း၊ အလျား ပေ ၂၀၀ မှ ၂၅၀ ပေနဲ့ အနံ ပေ ၂၀၀ ခန့် သစ်သားတိုင်တွေနဲ့ သရက်ကင်းလှေကားခုံကို တွဲဆက်တည်ဆောက်ထားတဲ့ အဆောက်အအုံမျိုးဖြစ်နိုင်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆိုပါတယ်။

အနီးစပ်ဆုံး နှိုင်းယှဉ်ရာမှာ အင်းဝ ဗားကရာ သစ်သားကျောင်း၊ မန္တလေးမြို့ရှိ ရွှေနန်းတော် ကျောင်းတွေကဲ့သို့ သရက်ကင်းလှေကား ၈ ခုမှ ၁၀ ခုအထက်ပါရှိနိုင်တဲ့ အဆောက်အအုံမျိုး ဖြစ်နိုင်ကြောင်း၊ ရှေးမြန်မာမင်းတွေ အသုံးပြုခဲ့တဲ့ ရေနဲ့ သက်ဆိုင်တဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေ ကျင်းပမှုကို ကြည့်ရှုရာမှာ အသုံးပြုတဲ့ အဆောက်အအုံမျိုး ပိုပြီး ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
ရေနန်းတော်ထက် ရေနန်းဆောင် လို့သာ သုံးနှုန်းသင့်ပြီး အချုပ်အားဖြင့် ပုရပိုက်မှာ ပါရှိတဲ့ ရေနန်းတော်ကဲ့သို့ ကြီးကျယ်တဲ့ အဆောင်ခန်းတွေ ပါဝင်တဲ့ အဆာက်အအုံ မဖြစ်နိုင်ဘူလို့ ကနဦးလေ့လာတွေ့ရှိချက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အခုတွေ့ရှိရတဲ့ ရေနန်းတော် လို့ ယူဆရတဲ့ အဆောက်အဦးရဲ့ တောင်ဘက်ရှိ သရက်ကင်းလှေကား အစိတ်အပိုင်းတွေကို ၂၀၀၉ ခုနှစ်က ဒေသခံတွေ အုတ်ဖုတ်လုပ်ငန်း ဆောင်ရွက်ရာမှာ စတင်တွေရှိခဲ့ပြီး ထိန်းသိမ်းထားရှိပြီးဖြစ်တယ်လို့ သိရပါတယ်။
မန္တလေး၊ အင်ဝမြို့ဟောင်း စည်တိုပုံ မြို့ရိုးရဲ့ အပြင်ဘက် အရှေ့မြောက်ထောင်မှာ ကုန်းဘောင်ခေတ်ဦး ဆင်ဖြူရှင်မင်းနဲ့ စစ်ကိုင်းမင်းတို့ လက်ထက် တည်ဆောက်ခဲ့တဲ့ ရေနန်းတော်ဆိုတာကို လက်ဝဲနော်ရထာ အမတ်ရဲ့ ပုရပိုက်ပုံမှာလည်း တွေ့ရှိရတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

သမိုင်းမှတ်တမ်းတွေမှာ ရေနန်းတော်အကြောင်းကို ဖော်ပြရာ ဆင်ကပ်လှေကားအိမ်ပါတဲ့ သရက်ကင်း အုတ်လှေကားကြီးတွေ၊ အဆောင်တွေကို ကျွန်းသစ်နဲ့ တည်ဆောက်ခဲ့ကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရတနာပူရ စတုတ္ထမြို့တည် နန်းတည် သံလျက်စွန်းမြေမှာ ဆောက်လုပ်ခဲ့တဲ့ ရေနန်းတော်မှာမူ ဆင်ကပ်လှေကားအိမ်ပါ သရက်ကင်း အုတ်လှေကားကြီး ၅ စင်း၊ ပြဿဒ်နဲ့ ဇေတဝန်ဆောင်အပါအဝင် အဆောင် စုစုပေါင်း ၁၈ ဆောင်ပါဝင်တာကိုလည်း ပုရပိုက် တစ်ခုမှာ တွေ့ရှိရတယ်လို့ သိရပါတယ်။
အဆောင် ၁၈ ဆောင်အနက် ရေအိမ်တော်ပါ ထည့်တွက်ပါက အဆောင် ၂၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီအဆောင်တွေကို မြန်မာ့ဗိသုကာနည်းပညာအတိုင်း မြေဝင်တစ်သူ၊ ကျောရပ်တစ်လံ၊ အမြင့်မှာ ကြမ်းခင်းလျက် အပေါ်ပိုင်းက သက်ဆိုင်ရာ မင်းခမ်းမင်းနား အဆောင်တွေ ပါဝင်မယ်လို့ ဆိုပါတယ်။
မြန်မာ့သမိုင်းမှာ ရေနန်းတော်ဆိုတာ အုပ်ချုပ်သူ ဘုရင်မင်းကိုယ်တိုင် ဦးစီးပြီး ခေါင်းဆေးမင်္ဂလာပြုခြင်း၊ အတာရေသဘင်ပွဲဆင်နွှဲခြင်းနဲ့ ရေခင်းသဘင် ဆင်ယင်ကျင်းပဖို့ အရေးပါတဲ့ အဆောင်တော်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ဓါတ်ပုံများ – ရေနန်းတော် သို့မဟုတ် ရေနန်းဆောင်ရဲ့ အစိတ်အပိုင်းတချို့နဲ့ တူးဖော်နေမှုများ (Department of Archaeology and National Museum)