
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိတဲ့ ငလျင်ကြီးကြောင့် နိုင်ငံတဝန်းက ဘုရားစေတီပေါင်း ၄၈၁၇ ခု ထိခိုက်ပျက်စီး ဆုံးရှုံးပြီး စစ်ကောင်စီက ဧပြီလ ၅ က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်းမှာ ငလျင်ကြောင့် ရှေးဟောင်အမွေအနှစ်တွေ အများအပြားလည်း ထိခိုက်ပျက်စီးတာ၊ ပြိုကျပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့သလို လူမှုကွန်ယက်မီဒီယာမှာ စိတ်ဝင်စားသူ မြင့်တက်နေတဲ့ အင်းဝမြို့ဟောင်းထဲက ရေနန်းတော်လည်း ပေါ်လာခဲ့ပါတယ်။
ငလျင်ကြောင့် ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေ၊ အဆောက်အအုံတွေ၊ စေတီပုထိုတွေတွေကို ရေရှည်တည်တံ့တဲ့ အစီအမံတွေနဲ့ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် UNESCO မှ ကျွမ်းကျင်သူတွေ (Kai Weise, Rohit Jigyasu နဲ့ Duncan Marshall) လမ်းညွှန်ရေးထားတဲ့ “ငလျင်ဒဏ်ခံရသော အမွေအနှစ်ဒေသများအတွက် အကြံပြုချက်”များကို ဆရာမ ဒေါ်ဥမ္မာမျိုးဘာသာပြန်ရေးသားထားမှုများကို အများပြည်သူသိရှိနိုင်ဖို့ အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
လူအများ အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးသတ်မှတ်ရပါမည်။ ဆိုလိုသည်မှာ ထိခိုက်ပျက်စီးသော အမွေအနှစ် အဆောက်အဦများသည် နောက်ဆက်တွဲငလျင်များကြောင့် ပြိုကျနိုင်သဖြင့် လုံခြုံစွာ ပိတ်ထားပြီး လူအများ မဝင်ရောက်ကြစေရေး တားဆီးရန်ဖြစ်ပါသည်။ မဝင်ရနယ်မြေများကို ရှင်းလင်းစွာ နယ်နိမိတ် အမှတ်အသားများ ပြုလုပ်၍ သတ်မှတ်ထားရပါမည်။
သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကို အင်အားတိုးမြှင့်လျက် ထိခိုက်ပျက်စီးသော အမွေအနှစ် အဆောက်အဦများကို ထိခိုက်ပျက်စီးမှု အလျင်အမြန် အကဲဖြတ်ခြင်း၊ လုံခြုံစွာ ပိတ်ထားခြင်း၊ တည်ငြိမ်မှုရှိစေရန် စီစဉ်ဆောင်ရွက်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ အမွေအနှစ်ပစ္စည်း ကျိုးပဲ့အစအနများနှင့် စုဆောင်းထားသော အမွေအနှစ်ပစ္စည်းများကို အပျက်အစီးများကြားမှ ရနိုင်သရွေ့ ရှာဖွေထုတ်ယူခြင်းနှင့် သိမ်းဆည်းခြင်းများ ဆောင်ရွက်ရန်ဖြစ်ပါသည်။
ယင်းတို့ကို ဆောင်ရွက်ရန် နယ်မြေဒေသ အုပ်ချုပ်ရေးအဖွဲ့၊ စေတနာ့ဝန်ထမ်းများ၏ ပံ့ပိုးမှုဖြင့် ရှေးဟောင်းသုတေသနဦးစီးဌာနအတွက် ဝန်ထမ်းအင်အား ထပ်မံဖြည့်တင်းရန် လိုအပ်ပါမည်။ ဗိသုကာ၊ အဆောက်အဦ/မြို့ပြအင်ဂျင်နီယာနှင့် ပြတိုက်ပညာ နယ်ပယ်များမှ လူငယ် ပရော်ဖက်ရှင်နယ်များဖြင့် အင်အားဖြည့်တင်းနိုင်မည် ဖြစ်ပါသည်။
လိုအပ်သော လူ့စွမ်းအားနှင့် ငွေကြေး အရင်းအမြစ်များကို နိုင်ငံတော်အဆင့်တွင် စုစည်းလျက် နိုင်ငံတကာမှ ပံ့ပိုးမှုလည်း ရယူရပါမည်။ ပုဂ္ဂလိကကဏ္ဍမှ အရင်းအမြစ်များကိုလည်း နှိုးဆော်ရယူရန် လိုအပ်ပါမည်။ ယင်းသို့ စုစည်းနှိုးဆော်နိုင်ရန် ထိခိုက်ပျက်စီးသော အမွေအနှစ် အဆောက်အဦများကို လုံခြုံစွာ ပိတ်ထားခြင်း၊ တည်ငြိမ်မှုရှိစေရန် စီစဉ်ဆောင်ရွက်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ အမွေအနှစ်ပစ္စည်း ကျိုးပဲ့အစအနများနှင့် စုဆောင်းထားသော အမွေအနှစ်ပစ္စည်းများကို အပျက်အစီးများကြားမှ ရနိုင်သရွေ့ ရှာဖွေထုတ်ယူခြင်းနှင့် သိမ်းဆည်းခြင်းများ ဆောင်ရွက်ရန် ပစ္စည်း၊ စက်ကိရိယာနှင့် နည်းပညာကျွမ်းကျင်မှု လိုအပ်ချက်များကို အလျင်အမြန် အကဲဖြတ်ချက် ဆောင်ရွက်ထားရန် လိုအပ်ပါသည်။
ထိခိုက်ပျက်စီးမှု ကနဦးစစ်တမ်းကောက်ယူရာတွင် ရရှိနိုင်သော ရှေးဟောင်းနယ်မြေ မြေပုံများကို အသုံးပြုလျက် တွေ့ရှိချက်များ၏ တည်နေရာကို မြေပုံပါ ရည်ညွှန်းအမှတ်ဖြင့် မှတ်တမ်းတင်ရန် လိုအပ်ပါသည်။ ဓာတ်ပုံများရိုက်ကူးရာတွင်လည်း GPS ဖွင့်၍ တည်နေရာကို ထည့်သွင်းမှတ်တမ်းတင်ရပါမည်။
ရှေးဟောင်းအဆောက်အဦများကို ကာကွယ်စောင့်ရှောက်ရာတွင် အောက်ပါတို့ကို လုပ်ဆောင်ရပါမည်။
– ရှေးဟောင်းအဆောက်အဦများမှ အပျက်အစီးများကို ရှင်းလင်းခြင်းမပြုရေး တားဆီးရန် အထူးအရေးကြီးပါသည်။ ရှေးဟောင်းအဆောက်အဦများအနီးတွင် မြေတူးစက်များ သို့မဟုတ် ဘူဒိုဇာ မြေထိုးစက်များ ကဲ့သို့သော အကြီးစားစက်ယန္တရားများကို ခွင့်မပြုရပါ။
– ထိခိုက်ပျက်စီးသော ရှေးဟောင်းအဆောက်အဦများကို ဖြိုချဖျက်ဆီးခြင်း မပြုရပါ။ (တပ် သို့မဟုတ် ရဲ ကဲ့သို့သော) ကယ်ဆယ်ရေး အဖွဲ့များ အပါအဝင် နယ်မြေခံ အာဏာပိုင်များထံ ထိခိုက်ပျက်စီးသော ရှေးဟောင်းအဆောက်အဦများကို ဖြိုချဖျက်ဆီးခြင်း မပြုရေး အသိပေးအကြောင်းကြားရပါမည်။
– ထိခိုက်ပျက်စီး၍ ပြိုကျလျက်ရှိသော ရှေးဟောင်းအဆောက်အဦများကို ထပ်မံ၍ ဆုံးရှုံးမှု မဖြစ်စေရေးအတွက် စည်းတား၍ ပိတ်ထားနိုင်ပါက အကောင်းဆုံးဖြစ်ပါသည်။ ထိခိုက်ပျက်စီးသော ရှေးဟောင်းအဆောက်အဦများကို ဖုံးအုပ်လျက် မိုးရေမဝင်နိုင်စေရန် ကာကွယ်ပေးရပါမည်။
– ထိခိုက်ပျက်စီးသော အဆောက်အဦများမှ အဖိုးတန်အရာ၀တ္ထုများ သို့မဟုတ် ကျိုးပဲ့အစအနများကို ခိုးယူခြင်းများ မဖြစ်စေရန် အစောင့်များ ထားရှိရပါမည်။
နောက်ထပ် ထိခိုက်ပျက်စီးမှု မဖြစ်စေရေး တားဆီးရန် လက်ငင်း ဦးစားပေးများကို သိရှိနိုင်စေရေးအတွက် ထိခိုက်ပျက်စီးမှု အလျင်အမြန် အကဲဖြတ်ချက်ပုံစံ (rapid damage assessment form) ကို ပြုစုထားရှိရန် လိုအပ်ပါသည်။ရှေးဟောင်းအဆောက်အဦများနှင့် အမွေအနှစ်နယ်မြေရှိ အခြားသွင်ပြင်လက္ခဏာများ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုကို ခြုံငုံသုံးသပ်ချက် ပြုလုပ်ရန် လိုအပ်ပါသည်။ သွင်ပြင်လက္ခဏာများ စာရင်းကို ချက်ချင်း အပြီးသတ် ပြုစုရပါမည်။
ကနဦးအကဲဖြတ်ချက်ကို ပင်မအဆောက်အဦ သာမက နံရံပန်းချီများ၊ ပန်းတော့လက်ရာ၊ အုပ်ကြွတ်များ စသည်တို့ ကဲ့သို့သော အရေးပါသည့် အပိုင်းအသီးသီး ထိခိုက်ပျက်စီးမှု အတိုင်းအတာအပေါ် အခြေခံ၍ ပြုလုပ်ပါမည်။ ရှေးဟောင်းအဆောက်အဦ သို့မဟုတ် အခြားအဆောက်အဦများအတွင်း အရေးကြီးသော ရုပ်တုများနှင့် အမွေအနှစ်ပစ္စည်းများ ပိတ်မိနေနိုင်ပါက မှတ်ချက်ရေးသားရပါမည်။ ကွန်ကရစ်၊ သံမဏိ ဒေါက်များ အသုံးပြုလျက် ယခင်ကြားဝင်ဆောင်ရွက်ခြင်းများ၏ သက်ရောက်မှုကိုလည်း သုံးသပ်ရန် လိုအပ်ပါသည်။
မူလနေရာမှ ရွေ့လျောသော ရှေးဟောင်းပစ္စည်းများနှင့် အထူး ဂရုတစိုက် ကိုင်တွယ်ရန် လိုအပ်သော အဆောက်အဦ အစိတ်အပိုင်းများကို အပျက်အစီးများကြားမှ ရနိုင်သရွေ့ ထုတ်ယူရန်နှင့် သိမ်းဆည်းရန် အစီအစဉ် ရေးဆွဲ၍ ဆောင်ရွက်ရပါမည်။ သိမ်းဆည်းသည့် နေရာအဖြစ် အသုံးပြုနိုင်မည့် အန္တရာယ်ကင်းရှင်းပြီးလုံခြုံသော အဆောက်အဦများကို ဖော်ထုတ်ရန် လိုအပ်ပါသည်။
အဆောက်အဦများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းအတွက် သက်ဆိုင်ရာအဆောက်အဦ၏ တန်ဖိုးနှင့် ထိခိုက်ပျက်စီးမှု အတိုင်းအတာတို့အပေါ် မူတည်လျက် ဦးစားပေးသတ်မှတ်ပုံကို သတ်မှတ်ဖော်ပြထားရှိရန် လိုအပ်ပါသည်။ ချက်ချင်း တည်ငြိမ်မှုရှိစေရေး အစီအမံများ လုပ်ဆောင်ရန် ဖြစ်နိုင်ခြေကို စဉ်းစားပြီး ထိရောက်မှုနှင့် လူ သို့မဟုတ် အမွေအနှစ်အတွက် ခြိမ်းခြောက်မှု အန္တရာယ် နည်းပါးသက်သာစေရေးအပေါ် အခြေခံလျက် ဦးစားပေး သတ်မှတ်ရပါမည်။ ကာကွယ်စောင့်ရှောက်ရာတွင် ဦးစားပေး သတ်မှတ်သည့် စံချိန်စံနှုန်းများကိုလည်း ရှင်းလင်းဖော်ပြရပါမည်။
ထိခိုက်ပျက်စီးပြိုကျသော ရှေးဟောင်းအဆောက်အဦများအတွင်းသို့ မိုးရေမဝင်နိုင်စေရန် ဖုံးအုပ်ပေးရပါမည်။ ကျားကန်ခြင်းနှင့် တည်ငြိမ်မှုရှိစေရေး လုပ်ဆောင်ရာတွင် အနည်းဆုံး လုပ်ဆောင်မှု ဖြစ်စေလျက် ရှိရင်း ပစ္စည်းအပေါ် သက်ရောက်မှု အနည်းဆုံး ဖြစ်ရပါမည်။ လုပ်ဆောင်မှု မပြုမီ အနေအထားသို့လည်း ပြန်လည်ရောက်ရှိနိုင်ရပါမည်။ အဆောက်အဦများ အရေးပေါ် တည်ငြိမ်မှုရှိစေရေး သင့်တော်သော ကျားကန်သည့် ဒီဇိုင်းပုံစံကို ကျွမ်းကျင်သူများ၏ အကူအညီဖြင့် ရေးဆွဲရပါမည်။ ပျက်စီးလွယ်သော အမွေအနှစ် အဆောက်အဦများကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ပြီး နောက်ဆက်တွဲငလျင်များ၊ မိုးရေ စသည်တို့ကြောင့် ဖြစ်ပေါ်မည့် ထိခိုက်နိုင်ခြေများကို နည်းပါးသက်သာစေမည့် ဒီဇိုင်းပုံစံများ ဖြစ်ရပါမည်။ နယ်မြေဒေသတွင်းရှိ ပစ္စည်းများနှင့် အရင်းအမြစ်များကိုလည်း တတ်နိုင်သမျှ အသုံးပြုရန် ဖြစ်ပါသည်။
သင့်တော်ပြီး ထိရောက်စွာ ကျားကန်နိုင်ရန် ကျွမ်းကျင်သူများက နယ်မြေဒေသတွင်းမှ ကန်ထရိုက်ရယူသူများနှင့် လက်မှုပညာရှင်များကို လေ့ကျင့်သင်တန်းပေးရန် လိုအပ်နိုင်ပါသည်။ ကျားကန်မည်ဆိုပါက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်သည့်အချိန်အထိ ကြာရှည်ခံရပါမည်။ နံရံပန်းချီနှင့် အခြားတန်ဆာဆင်လက်ရာများမှာ ကျိုးပဲ့ပျက်စီးလွယ်ခြင်းကြောင့် နေရာတွင်ပင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါသည်။
ပြုတ်ကျ၍ ထိခိုက်ပျက်စီးနေသော ပစ္စည်းများကိုလည်း နောက်ထပ် ထိခိုက်ပျက်စီးမှု မရှိစေရေး ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပါသည်။ ထိခိုက်ပျက်စီးသော အဆောက်အဦများကို ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်းအတွက် ကာလရှည် အစီအစဉ် ရေးဆွဲရန်နှင့် အဆောတလျင် မလုပ်ဆောင်ရန် လိုအပ်ပါမည်။ အရေးပေါ် အစီအမံများဆောင်ရွက်ပြီး နောက်ပိုင်းအဆင့်အတွက် လုပ်ဆောင်ရမည့် အသေးစိတ်အကဲဖြတ်ချက်အပေါ် အခြေခံရပါမည်။