မန္တလေးမြို့တောင်ဘက်၊ အင်းဝမြို့က မယ်နုအုတ်ကျောင်း တစ်ခုလုံးကို စစ်ကောင်စီ၊ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုံးရွှေရောင် သုတ်ပြီး ပြန်လည် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ကုန်းဘောင်ခေတ် ထင်ရှားတဲ့ မြန်မာမှု ဗိသုကာလက်ရာ စံပြကျောင်းတော်ကြီးတစ်ခုဖြစ်တဲ့ မယ်နုအုတ်ကျောင်းကို စစ်ကောင်စီက အခုလို ရွှေရောင်တွေ သုတ်ပြီး ပြင်ဆင်ထားရှိမှုကို လူမှုကွန်ယက်မှာလည်း အများပြည်သူက ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

“ဒီအုတ်ကျောင်းဟာ မူလကတည်းက ထုံးအခြေခံသောဆေး သုတ်ခဲ့ပြီး ခေတ်အဆက်ဆက် မသိနားမလည်စွာဆေးအထပ်ထပ်သုတ်ခဲ့မှုများရှိပါတယ်။ ဒီအုတ်ကျောင်းကို ထိန်းသိမ်းရန်အလို့ငှါဆေးသုတ်မည်ဆိုလျှင် မူလဆေးသားပေါ်လာသည်အထိ ဂရုတစိုက်သုတေသနပြုလေ့လာ၊ မလိုအပ်သောအခြားကြားထဲမှဆေးအလွှာများအဆောက်အအုံမထိခိုက်စေပဲ စနစ်တကျ ခွါထုတ်၊ သန့်ရှင်းရေးလုပ်၊ ယခင်မူလဆေးအရောင်၊ အစပ်အတိုင်းစနစ်တကျပြန်သုတ်ရပါမယ်။ ဆောက်အအုံရဲ့မူလခမ်းနားမှု၊ လက်ရာမြောက်မှုကိုပိုမိုမြှင့်တင်နိုင်ရပါမယ်”လို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များအရေး ဆောင်ရွက်နေသူ ဒေါ်ဥမ္မာမျိုးက သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

မယ်နုအုတ်ကျောင်း ခေါ် မဟာအောင်မြေဘုံစံကျောင်းကို ၁၈၁၈ ခုနှစ်မှာ ဘကြီးတော်မင်းတရားရဲ့ မိဖုရားခေါင်ကြီး နန်းမတော် မယ်နုမှ ညောင်ကန်ဆရာတော်ဦးပိုအတွက် ရည်စူးလို့ ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

ဆရာတော်ဦးပို ပျံလွန်တော်မူပြီးတဲ့နောက် ဆရာတော်ဦးဗုဓ် အား ဆက်လက်လှူဒါန်းခဲ့တယ်။

မယ်နုအုတ်ကျောင်းဟာ ၁၈၃၈ ခုနှစ်မှာ ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ပြီး က ၁၈၇၆ ခုနှစ်မှာ နန်းမတော်မယ်နုရဲ့ သမီးတော်၊ မင်းတုန်းမင်းရဲ့ အလယ်နန်းမိဖုရား ဆင်ဖြူမရှင်မိဖုရား ထပ်မံပြုပြင်ပါတယ်။

ကျောင်းဟာ အလျား ၁၉၂ ပေ၊ အနံ ၁၁၂ ပေ အမြင့် ၉၄ ပေ ရှိပြီး၊ အေဒီ ၁၉ ရာစု ကုန်းဘောင်ခေတ်လက်ရာအဖြစ် မြင်တွေ့နိုင်သလို လက်ရာမြောက်တဲ့ ကုန်းဘောင်ခေတ်နှောင်း မြန်မာ့ဗိသုကာ၊ ပန်းရံနဲ့ ပန်းတော့ အနုလက်ရာတွေကြောင့်လည်း ထင်ရှားပါတယ်။

ဓါတ်ပုံများ – CJ