
ဇူလိုင်လ ပထမ (၁၀) ရက်တာအတွင်း မိုးရွာသွန်းနိုင်မှု အခြေအနေ ခန့်မှန်းချက်နဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီကနေ့ ဇူလိုင်လ ၂ ရက်မျာ ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့ မိုးရေချိန်ခန့်မှန်းချက်တွေအရ ဇူလိုင်လ (၂)ရက်နေ့မှ ဇူလိုင်လ (၄)ရက်နေ့အတွင်း ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် နေရာအနှံ့အပြားနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းရှိ နေရာအချို့မှာ မိုးများနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
ဇူလိုင်လ (၄)ရက်နေ့မှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ နေရာအချို့တွင် တနေ့တာအတွင်း မိုးရေချိန်စုစုပေါင်း ၂ လက်မမှ ၄ လက်မအထိ ရွာသွန်းနိုင်ပါတယ်လို့ NG အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ (၅)ရက်နေ့မှ (၈)ရက်နေ့အတွင်း ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ မကွေးတိုင်းတို့ရှိ နေရာအချို့မှာ မိုးများနိုင်ပါတယ်။
ဇူလိုင်လ (၇)ရက်နေ့နဲ့ (၈)ရက်နေ့တွေမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ရန်ကုန်တိုင်းနဲ့ တနင်္သာရီတိုင်းတို့ရှိအချို့နေရာများတွင် တနေ့တာအတွင်း မိုးရေချိန်စုစုပေါင်း ၂ လက်မမှ ၄ လက်မခန့်အထိရွာသွန်းနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ (၉)ရက်နှင့် (၁၀)ရက်နေ့တွေမှာ မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး အထူးသဖြင့် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တနေ့တာအတွင်း မိုးရေချိန်စုစုပေါင်း ၂ လက်မခန့် ရွာသွန်းနိုင်ပါတယ်လို့ ဆိုပါတယ်။
ဇူလိုင်လပထမ (၁၀)ရက်မှာ မိုးရွာသွန်းမှု အခြေအနေခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံနေရာ အနှံ့အပြားမိုးရွာသွန်းခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် မိုးများခြင်းကြောင့် မြို့ပြရေကြီးခြင်းများ၊ မြေပြိုကမ်းပြိုခြင်းများ၊ လျှပ်တပျက်ရေကြီးခြင်း၊ ကားလမ်းရထားလမ်းများရေကျော်ခြင်း၊ ရေကာတာနဲ့ ဆည်များ ရေတိုးခြင်းနဲ့ ရေပိုလွှဲမှ ရေထုတ်လွှတ်ရခြင်းများ ဖြစ်ပေါ်နိုင်တဲ့အတွက် မြေနိမ့်ဒေသတွေနဲ့ မိုးတွင်းကာလတွင် ရေဝင်ရောက်လေ့ရှိတဲ့ နေရာဒေသတွေမှာ နေထိုင်တဲ့ ဒေသခံပြည်သူများဟာ ရေကြီးရေလျှံမှုအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြဖို့ နဲ့ လိုအပ်ပါက အချိန်မီရှောင်ရှားနိုင်ဖို့ ကြိုတင်အသိပေးထုတ်ပြန်ထားပါတယ်။
GeoMap – ဂျူလိုင် ၁ ရက်နေ့ မြစ်ကြီးနားအနီးတဝိုက် ရေကြီးမှုအနေအထားဖြစ်ပြီး အနီရောင်ထဲရောက်နေတဲ့ မြစ်ဘေးက ရွာတွေကမြုပ်နေမယ့် အခြေအနေတွေ ဖြစ်ပါတယ်။