မြန်မာနိုင်ငံရှိ တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု လျော့နည်းပပျောက်စေရန် ရည်ရွယ်တဲ့ အသိပေးဟောပြောပွဲကို Online Webinar အနေနဲ့ ဇွန်လ ၂၅ ရက်နဲ့ ၁၆ ရက်တို့မှာ စီစဉ်ကျင်းပသွားမယ်လို့ Myanmar Ocean Project က ကြေညာပါတယ်။

တောရိုင်း တိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှုကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ တရားမဝင် ကုန်သွယ်မှု ပပျောက်ရေးအတွက် ထိထိရောက်ရောက် ဖြေရှင်းသင့်တဲ့နည်းတွေကို ကျွမ်းကျင်သူတွေနဲ့ အတူတကွ တိုင်ပင်ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

တရက်ချင်းစီမှာ ဦးဆောင်ဆွေးနွေးမယ့် ကျွမ်းကျင်သူ ၃ ဦးကနေ အကြောင်းအရာ ၃ မျိုးကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၅ ရက်မှာ “ခြိမ်းခြောက်ခံနေရသော မျိုးစိတ်များဆိုင်ရာ အနီရောင်စာရင်း – ကမ္ဘာနှင့် မြန်မာနိုင်ငံ၏ ထိန်းသိမ်းကာကွယ်မှု အခြေအနေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုအောင်လင်းက ဦးဆောင်ဆွေးနွေးမှာ ဖြစ်ပြီး ကိုပြည့်ဖြိုးဆွေက “တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန် နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်းနှင့် မြန်မာ” ၊ မသန္တာကိုကြီးက “မျိုးသုဥ်းအန္တရာယ်ရှိ ပင်လယ်နေသတ္တဝါများအား မြန်မာပြည်တွင်း ရောင်းဝယ်ဖောက်ကားခြင်းနှင့် စားသုံးခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြော ဆွေးနွေးမှာဖြစ်ပါတယ်။

ဇွန်လ ၂၆ ရက်မှာတော့ ကိုသော်ဖြိုးဆွေက “တရားမဝင် ငှက် ရောင်းဝယ်ဖောက်ကားမှု” ၊ ကိုသူရစိုးမင်းထိုက်က “တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ခြင်း၊ တောရိုင်းတိရစ္ဆာန်နှင့်လူများအကြား ကူးစက်တတ်သည့်ရောဂါများ” နဲ့ ကိုစွမ်းထက်နိုင်အောင်က “ဖမ်းဆီးရမိသော တောရိုင်းတိရစ္ဆာန်များ မှသည် ထိန်းသိမ်းရေးဆီသို့ – မြန်မာ့ကြယ်လိပ်များအား သဘာဝနေရင်းဒေသသို့ ပြန်လည် စေလွှတ်ခြင်း” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဟောပြောဆွေးနွေးမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ အောက်ပါ လင်ခ့်ကနေ စာရင်းပေးသွင်းဖို့ လိုအပ်မှာဖြစ်ပြီး ဆွေးနွေးပွဲတွေကို ည ၇ နာရီမှ ည ၉ နာရီခွဲအထိ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ- MOP