ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ မတ်လ ၅ ရက်မှ ဇွန်လ ၃၀ ရက်အထိ သားငှက်တိရစ္ဆာန်တွေ ပစ်ခတ်၊ ဖမ်းဆီးမှုတွေကို မလုပ်ကြဖို့ တားမြစ်ပိတ်ပင်လိုက်တယ်လို့ CDF – ထန်တလန်အဖွဲ့က မတ်လ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

CDF – ထန်တလန်ထိန်းချုပ်နယ်မြေအတွင်း မတ်လ ၅ ရက်မှ မေလ ၃၁ ရက်အထိဟာ ငှက်တွေ အသိုက်ဆောက်ချိန်၊ အုဥချိန်တွေ ဖြစ်တဲ့အတွက် အသိုက်ဖျက်စီးခြင်း၊ ငှက်ထောင်ဖမ်းခြင်း၊ ပိုက်ကွန် အသုံးပြု ဖမ်းခြင်း၊ လေသေနတ်၊ လေးဂွတို့နဲ့ အမဲလိုက် ပစ်ခတ်ခြင်းတို့ မပြုလုပ်ရဘူးလို့ CDF – ထန်တလန်က တားမြစ်ပါတယ်။

ဒါ့အပြင် ဧပြီလ ၁ ရက်နဲ့ ဇွန်လ ၃၀ ရက်အထိကိုလည်း တောရိုင်းတိရစ္ဆာန်တွေ ကိုယ်ဝန်လွယ်ချိန်၊ သားပေါက်ဖွားချိန် ဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ တောထွက်အမဲလိုက်ခြင်း၊ ကျော့ကွင်းထောင်ခြင်းတို့ မပြုလုပ်ကြဖို့ အသိပေး ထုတ်ပြန်ပါတယ်။

ဒီတားမြစ်ချက်တွေဟာ ထန်တလန်မြို့နယ်ထဲမှာ သားငှက်တိရစ္ဆာန်တွေ ရေရှည်ထိန်းသိမ်းနိုင်ဖို့ ဖြစ်တာကြောင့် တားမြစ်ချက်ဖောက်ဖျက်တဲ့ ဘယ်သူ့ကို မဆို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အရေးယူမယ်လို့ ဆိုထားပါတယ်။