ဒီနေ့ မေလ ၂၅ ရက်မှ ဇွန်လ ၁ ရက်အထိ နိုင်ငံတဝန်းမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပြီး မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတို့ အန္တရာယ်တို့ကို ကြိုတင်သတိပြု နေထိုင်ကြဖို့ မိုးဇလဌာနက သတိပေးထုတ်ပြန်ပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်ခြင်း၊ မုတ်သုံလေ အားကောင်းလာနိုင်ခြင်း၊ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းခြင်းတို့ကြောင့် မိုးရွာသွန်းနိုင်ခြင်းဖြစ်တယ်လို့ မေလ ၂၄ ရက် ညနေပိုင်း တိုင်းထွာချက်တွေအရ သိရပါတယ်။

ဒီနေ့ မေလ ၂၅ ရက်မှ ဇွန်လ ၁ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေမှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ် ကြိုတင်သတိပြု ရှောင်ရှားနိုင်ဖို့ သတိထားထားပါတယ်။

ဒါ့အပြင် မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှု တွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့နဲ့ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်း ပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။