ကြိုးကြာခေါင်းနီတွေဟာ ပုံမှန်အားဖြင့် ၂ ကောင်ပေါက်လေ့ရှိပြီး ၁ ကောင်သာ အရွယ်ရောက်တဲ့အထိ ရှင်သန်နိုင်ကြချိန်မှာ ဝါးခယ်မမြို့နယ်ထဲက ဒေသခံသားငှက်ထိန်းသိမ်းရေး ဧရိယာမှာ နှစ်ကောင်စလုံး အရွယ်ရောက်တဲ့အထိ ရှင်သန်နေကြတာကို ဒီနှစ် ၂၀၂၅ မှာ ထူးထူးခြားခြား တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

သဘာဝထဲမှာ အလွန်ရှားပါးပြီး ထူးခြားတဲ့ မှတ်တမ်းအဖြစ်နဲ့ အရွယ်ရောက်ပြီးသာ အကောင်ပေါက် ၂ ကောင်ပါတဲ့ ကြိုးကြာခေါင်းနီ (Eastern Sarus Crane) မိသားစုကို တွေ့ရှိခဲ့တယ်လို့ ငှက်ပညာရှင် ဦးသက်ဇော်နိုင်က သူ့ရဲ့ လူမှုကွန်ယက် မီဒီယာမှာ ရေးသားဖော်ပြပါတယ်။

ကြိုးကြာခေါင်းနီတွေဟာ ပုံမှန်အားဖြင့် ၂ ကောင်ပေါက်လေ့ရှိပြီး ၁ ကောင်သာ အရွယ်ရောက်တဲ့အထိ ရှင်သန်နိုင်ကြောင်း၊ များသောအားဖြင့် အရင်ပေါက်တဲ့ အကောင် (အရင်ပေါက်တဲ့အကောင်က ပိုကြီးပြီး၊ ပိုသန်မာ) သို့မဟုတ် သန်မာတဲ့ အကောင်သာ ရှင်သန်လေ့ရှိတယ်လို့ ဆိုပါတယ်။

အကောင်ပေါက်အချင်းချင်းဟာ သေအောင်ခွပ်သတ်ခြင်း၊ နောက်မှပေါက်တဲ့ သို့မဟုတ် မသန်မာတဲ့ အကောင်ဟာ အစာမဝ၍ မရှင်သန်နိုင်တော့ခြင်းတို့ကြောင့် ၂ ကောင်ထဲမှ ၁ ကောင်သာ အရွယ်ရောက်တဲ့အထိ ရှင်သန်တယ်လို့ ဦးသက်ဇော်နိုင်က ရှင်းပြပါတယ်။

ဒါပေမယ့် အလွန်ရှားပါးပြီး ထူးဆန်းတဲ့ မှတ်တမ်းတစ်ခုအနေနဲ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလမှာ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာရှိတဲ့ ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးဧရိယာအတွင်း အရွယ်ရောက်ပြီးတဲ့ ကြိုးကြာ အကောင်ပေါက် ၂ ကောင်ကို သူ့တို့ရဲ့ မိဘတွေနဲ့ တွေ့ခဲ့ရပါတယ်လို့ ဆိုပါတယ်။

အဲ့ဒီမိသားစုကို မတ်လအထိ တွေ့နေကြနေရာမှာ အမြဲတွေ့ခဲ့ရပြီး ဒါဟာ မြန်မာမှာရှိတဲ့ ကြိုးကြာခေါင်းနီ ငှက်တွေအတွက် အသိုက်တစ်သိုက်ထဲမှ ပေါက်တဲ့ အကောင်ပေါက် ၂ ကောင်လုံးရှင်သန်တဲ့ ထူးခြားတဲ့ မှတ်တမ်းဖြစ်တယ်လို့ ဦးသက်ဇော်နိုင်က ရေးသားထားပါတယ်။

“ကျနော့ အနေနဲ့လည်း ၂၀၀၂ ခုနှစ်ကနေပြီး ယခုအချိန်အထိ မြစ်ဝကျွန်းပေါ်ဒေသမှာ ငှက်တွေကို လေ့လာခဲ့ရာမှာ အရွယ်ရောက်တဲ့အထိ ရှင်သန်နေတဲ့ ကြိုးကြာအကောင်ပေါက် နှစ်ကောင်ပါတဲ့ မိသားစုကို ပထဆုံး အကြိမ်တွေ့ရှိခဲ့တာပါ” လို့ သူက ဆိုပါတယ်။

၂၀၁၆ ခုနှစ် စက်တင်ဘာလမှာလည်း အကောင်ပေါက်လေး နှစ်ကောင် (ဥမှ ပေါက်ခါစ အကောင်ပေါက်မဟုတ်ပါ) ပါတဲ့ ကြိုးကြာမိသားစုကို မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာနားမှာ တွေ့ခဲ့ရှိသော်လည်း အဲဒီအကောင်ပေါက်လေး ၂ ကောင်မှာ ၁ ကောင်သာ အရွယ်ရောက်တဲ့ အထိ အသက်ရှင်နိုင်တယ်လို့ သူက ဆိုပါတယ်။

အခုလို ရာသီအချိန်မှာ ကျုံကပြင်-တက်ဆိပ်ဒေသခံ ထိန်းသိမ်းရေး ဧရိယာအတွင်း ကြိုးကြာငှက်တွေ အုပ်စုဖွဲ့ စုဝေးနေထိုင်တဲ့ မြင်ကွင်းကို တွေ့မြင်နိုင်ပြီး အကောင်ရေ ၁၀၀ ကျော်ခန့်စုဝေး နေထိုင်လျက်ရှိတယ်လို့ ကျုံကပြင်- တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ – KTCG က ဧပြီလကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ကျုံကပြင်-တက်ဆိပ်ဒေသခံ ထိန်းသိမ်းရေးဧရိယာဟာ ကြိုးကြာငှက်တွေ စုဝေးနေထိုင်ဖို့ ကောင်းမွန်တဲ့ နေရင်းဒေသတွေ ကျန်ရှိခြင်း၊ အစာရေစာပေါ များစွာရှိခြင်း၊ ကြိုးကြာငှက်တွေအတွက် ဘေးကင်း လုံခြုံရာပတ်ဝန်းကျင်နဲ့ ဒေသခံထိန်းသိမ်းရေးအဖွဲ့တို့က ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်ချက်တွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ ကြိုးကြာငှက်တွေကို ချစ်မြတ်နိုးတဲ့ ဧည့်သည်တော်တွေကို ကျုံကပြင်-တက်ဆိပ်ဒေသခံ ထိန်းသိမ်းရေးအဖွဲ့ရဲ့ သုတေသနစင်တာမှာ လာရောက်တည်းခိုပြီး သန့်ရှင်းလတ်ဆက်တဲ့ ဒေသအစားအစာတွေကို သုံးဆောင်နိုင်ဖို့ KTCG အဖွဲ့က ဖိတ်ခေါ်နေပါတယ်။

ဓါတ်ပုံများ – ဦးသက်ဇော်နိုင်