
မြန်မာ့နွေဦးတော်လှန်ရေးရဲ့ လက်ရှိ ၄ နှစ်ကျော်မှာ တော်လှန်ရေးအဖွဲ့တွေ စိုးမိုး၊ ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၂ ခုမှ ဆင်ကောင်ရေ ၃၁၃ ကောင်ဟာ ပါဝင်ထမ်းဆောင်လျက်ရှိတယ်လို့ NUG အစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာတူးခေါင်က ပြောပါတယ်။
ဆင်ရိုင်းတွေအနေနဲ့ ရှင်သန်နေထိုင်ဖို့ နေရာတွေ ကျဉ်းမြောင်းလာနေသလို ဆင်ထိန်းကောင်း ရဖို့လည်း ခက်ခဲနေပြီး ဆင်တွေအပေါ် သံယောဇဉ်မပြတ်ဘဲ ဆင်နားပဲ နေကြတဲ့ ဆင်ထိန်းတွေကို ကူညီပံ့ပိုးမှုဟာလည်း အရေးပါလှတယ်လို့ ဒေါက်တာတူးခေါင်က ၎င်း၏ ဖေ့ဘွတ်လူမှုစာမျက်နှာကနေ ဇူလိုင်လ ၃ ရက် အသိပေးပါတယ်။
“ဆင်ထိန်းဖို့ ဆိုတာ တော်ယုံ သံယောဇဉ် နဲ့မရပါဘူး၊ ဆင်နားကပ်လိုက်နေတဲ့ ခြင်၊ ယင်၊ ပိုးမွှား ဒဏ်လည်း ခံရပါတယ်။ တောနက်မှာ အကြမ်းအခံဆုံး သတ္တဝါများ သဘာဝအတိုင်း သွားလာလှုပ်ရှားတဲ့နောက် ရာသီဥတုဒဏ်ကို အန်တုပြီး တကောက်ကောက် လိုက်ရတယ်” လို့ ဒေါက်တာတူးခေါင်က ပြောပါတယ်။

လက်ရှိတော်လှန်ရေးကာလမှာ ဆင်တွေရဲ့ ဘဝဟာလည်း မသေချာမရေရာတဲ့ အခြေအနေတွေ ကြုံတွေ့နေရသလို မြေမြုပ်မိုင်းထိလို့ ခြေပြတ်လက်ပြတ်ဖြစ်နေတဲ့ ဆင်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။
NUG အစိုးရ၊ ဝန်ကြီးဌာနရဲ့ လစဉ်ရရှိတဲ့ ရုံးအသုံးစရိတ်မှလည်း တတ်နိုင်သလောက် ထောက်ပံ့နေသလို နိုင်ငံတကာရောက် ဆင်ချစ်သူတွေကလည်း “တော်လှန်တပ်သား မိုမိုလေးများ” ကမ်ပိန်မှတဆင့် ထောက်ပံ့ကူညီပေးနေတာ ရှိတယ်လို့ သိရပါတယ်။
မေလ ၁ ရက်မှ ဇွန်လ ၇ ရက်အထိ ပြုလုပ်ခဲ့တဲ့ “မိုမိုတို့ရဲ့ အိမ်ပြန်လမ်း” ကမ်ပိန်းဟာ မျှော်မှန်းရန်ပုံငွေပမာဏ ကျပ်သိန်း ၂၀၀ ကို ကျော်လွန်ရရှိခဲ့ပြီး အောင်မြင်စွာ ပိတ်သိမ်းနိုင်ခဲ့တယ်လို့ တော်လှန်တပ်သား မိုးမိုးလေးများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၉၇ မြို့အထိ ရှိတယ်လို့ Myanmar Peace Monitor အဖွဲ့က ဇွန်လ အစီရင်ခံစာမှာ ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – ဒေါက်တာတူးခေါင်၊ တော်လှန်တပ်သား မိုးမိုးလေးများ