
၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိတ္ထီလာမြို့နယ်မှာ မိုးစပါးစိုက်ပျိုးထွက်မှုဟာ ရည်မှန်းချက် ပန်းတိုင်း မပြည့်မိခဲ့ဘဲ ပျမ်းမျှတစ်ဧကကို ၃၇ ဒသမ ၃၅ တင်း လျော့နည်းခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလာပါတယ်။
ဇူလိုင်လ ၁၀ ရက်က မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်းအတွင်းက ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူနဲ့ ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ စစ်ခေါင်းဆောင်က အဲဒီလိုထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်က မိုးစပါး ထွက်ရှိမှုဟာ ရည်မှန်းချက် မပြည့်မိခဲ့ဘဲ ပျမ်းမျှ တစ်ဧကကို ၆၂ ဒသမ ၆၅ တင်းသာ ထွက်ရှိပြီး ၃၇ ဒသမ ၃၅ တင်း လျော့နည်းခဲ့တဲ့အတွက် အဲဒီအချိန်က စပါးပေါက်ဈေး ၂၂၀၀၀ ကျပ်နဲ့ တွက်ချက်ပါက ငွေကျပ် ၁၀ ဒသမ ၃၆၉ ဘီလီယံလျော့နည်းဆုံးရှုံးတယ်လို့ ဆိုပါတယ်။
မိတ္ထီလာခရိုင်တစ်လုံးနဲ့ တွက်ချက်ပါက မိုးစပါး စိုက်ပျိုးမှု ရည်မှန်းချက် မပြည့်မီတဲ့အတွက် ငွေကျပ် ၇၉ ဒသ ၇၉ ဘီလီယံ ဝင်ငွေ လျော့နည်းရတယ်လို့ ဆိုပါတယ်။
အလားတူ နွေစပါးထွက်ရှိမှုမှာလည်း ရည်မှန်းချက် မပြည့်မှီလို့ ၄ ဒသမ ၆ ဘီလီယံ ဝင်ငွေ လျော့နည်းပြီး မြေပဲစိုက်ပျိုးမှုမှာ ရည်မှန်းချက် မပြည့်မီမှုကြောင့် ငွေကျပ် ၄၆ ဒသမ ၈၉၅ ဘီလီယံ လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။
ရည်မှန်းချက် မပြည့်မီလို့ နှမ်းစိုက်ပျိုးမှုမှာ ၅၈၀ ဒသမ ၄၈ ဘီလီယံ ၊ နေကြာ၊ ပဲတီစိမ်း စတဲ့ သီးနှံတွေအပါအဝင် မိတ္ထီလာခရိုင်အတွင်း တစ်ဧက ရည်မှန်းချက် ပန်းတိုင်၊ အထွက်နှုန်း မပြည့်မီမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှာ စုစုပေါင်း ငွေကျပ် ၉၈၀ ဘီလီယံခန့် လျော့နည်းဆုံးရှုံးခဲ့ရတယ်လို့ စစ်ခေါင်းဆောင်က ထုတ်ပြောလာတာပါ။
မိတ္ထီလာမြို့ကို ရောက်ရှိခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ မြို့ပြစီမံကိန်းတွေ၊ သဘာဝပတ်ဝန်းကျင်၊ ပညာရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး စတဲ့ ကဏ္ဍစုံကို လမ်းညွှန်မှာကြားမှုတွေ ပြုလုပ်ခဲ့တာကို စစ်ကောင်စီရဲ့ သတင်းစာတွေမှာ တွေ့ရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်နှင့် မိသားစုတွေ အများစု နေထိုင်ကြတဲ့ မိတ္ထီလာမြို့ကဲ့သို့ပင် ပြင်ဦးလွင်မြို့ကိုလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မကြာခဏ သွားရောက်ပြီး မြို့သစ်ဖော်မှုနဲ့ မြို့ဖွံ့ဖြိုးရေးတွေကို ဂရုတစိုက်ပြုလုပ်နေမှုကို တွေ့နေရပါတယ်။