ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး လာမယ့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ဒီနေ့မှာ ကြေညာပါတယ်။

ဒီနေ့ ၁၀ နာရီအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း ၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဟာ ပိုမိုအားကောင်းလာပြီး အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့‌ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အားကောင်းတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်တဲ့အတွက် နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလဌာနက ခန့်မှန်းထားပါတယ်။

မနေ့က မေလ ၂၇ ရက်လည်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းတခုဟာ လာမယ့် ၄၈ နာရီအတွင်း ပိုမိုအားကောင်လာနိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ကြောင်း NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီ မုန်တိုင်းငယ်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းရိုးတန်းအနောက်ခြမ်းသို့ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး မြန်မာနိုင်ငံတဝန်းမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုပ် ရွာနိုင်ပြီး အထူးသဖြင့် စစ်ကိုင်း၊ မန္တလေး၊ ရှမ်း၊ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ကရင်၊ ကရင်နီ၊ တနင်္သာရီတို့မှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။

ရေလွှမ်းမိုးခြင်းနဲ့ မြေပြိုခြင်းတွေကို အထူးသတိပြုပြီး နေထိုင်သင့်တယ်လို့ ပြည်သူတွေကို သတိပေးနှိုးဆော်ထားပါတယ်။

မုတ်သုံလေအားအလွန်ကောင်းနေခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေကျွံခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် အထူးဂရုပြုကြဖို့ အကြံပြုထားပါတယ်။

စစ်ကောင်စီရဲ့ မိုးဇလဌာနကတော့ ဇွန်လထဲမှာ မြန်မာနိုင်ငံတဝန်းမှာ ရက်ရှည်မိုးထစ်ချုပ်ရွာသွန်းနိုင်တယ်လို့ ကြေညာထားပါတယ်။

ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေဟာ ၁၀ ပေမှ ၁၅ ပေခန့်၊ မြစ်သာမြစ်ရေဟာ ၇ ပေခန့်၊ ဒုဌဝတီမြစ်ရေဟာ ၃ ပေမှ ၇ ပေခန့်၊ စစ်တောင်းမြစ်ရေဟာ ၃ ပေမှ ၅ ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ၄ ပေခန့်၊ ပဲခူးမြစ်ရေဟာ ၅ ပေမှ ၈ ပေခန့်၊ သံလွင်မြစ်ရေဟာ ၇ ပေခန့်၊ သောင်ရင်းမြစ်ရေဟာ ၇ ပေခန့်၊ ငဝန်မြစ်ရေဟာ ၄ပေမှ ၁၀ ပေခန့်၊ တိုးမြစ်ရေဟာ ၃ ပေခန့်နဲ့ ဘီးလင်း မြစ်ရေဟာ ၅ ပေခန့်တို့မှာ ဇွန်လထဲမှာ လက်ရှိရေမှတ်တွေထက် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – မိုးဇလဌာန၊