ကရင်ပြည်နယ်၊ မြို့ဝတီမြို့မှာ သောင်ရင်းမြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ၁၂ ပေခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်းမှာလည်း ၁ ပေခွဲခန့် ဆက်မြင့်တက်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ဒီနေ့မှာ ကြေညာပါတယ်။

သောင်ရင်းမြစ်ရဲ့ ရေကြီးရေလျှံမှုကြောင့် မြဝတီမြို့အနီးပိုင်းရပ်ကွက်တွေမှာ နေအိမ်တွေ ရေနစ်မြုပ်နေပြီး မြတတီမြို့လယ်ခေါင်အထိပါ ရေဘေးဒဏ် ခံနေရတဲ့အတွက် ဒေသခံတွေဟာ ရွေ့ပြောင်းနေထိုင်ရတာမျိုးတွေလည်း ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့ ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်း တိုင်းထွာချက်တွေအရ မြဝတီ၊ ဘားအံ၊ တောင်ငူ၊ ရွှေကျင်၊ ဘီးလင်းနဲ့ မဒေါက်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့နဲ့ ရေဘေးလွတ်ရာ နေရာတွေကို ရွေ့ပြောင်းနေထိုင်ကြဖို့ သတိပေးထားပါတယ်။

စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ၂ ပေကျော် ကျော်လွန်နေပြီး နောက် ၁ ရက် အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ပေမယ့် မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ၅ ပေခွဲခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၂ လက်မခန့် ကျဆင်းနိုင်ပေမယ့် မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ၂ ပေခွဲခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ပေမယ့် မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါတယ်လို့ ဆိုပါတယ်။

သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ၅ ပေခွဲကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် မြင့်တက်နိုင်တဲ့အတွက် မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

ဘီးလင်းမြစ်ရေဟာ ဘီလင်းမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ၁ ပေခန့် ကျော်နေပြီး နောက်၁ ရက်မှာ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်တယ်လို့ သိရပါတယ်။