
ထုံးကျောက်တောင် (Karst) ဂေဟစနစ်ဟာ ထုံးကျောက်တွေ ရေမှာပျော်ဝင်ရာမှ ဖြစ်ပေါ်လာတဲ့ ထူးခြားတဲ့ မြေမျက်နှာ သွင်ပြင်တွေနဲ့ ဂူတွေ၊ မြေအောက်မြစ်တွေ၊ ရေကန်တွေ စတာတွေ ပါဝင်တဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုပဲ ဖြစ်ပြီး ကမ္ဘာ့မြေ မျက်နှာသွင်ပြင်ရဲ့ (၂၀)ရာခိုင်နှုန်းကိုတောင် လွှမ်းခြုံထားပါတယ်။
ထုံးကျောက်တောင်ဂေဟစနစ်ဟာ လူသားနဲ့ သတ္တဝါတွေအတွက် နေစရာ၊ အစားအစာ၊ ရေ၊ သစ်၊ ဆေးဝါးနဲ့ တွင်းထွက် ပစ္စည်းတွေလို မရှိမဖြစ်လိုအပ်တဲ့ အရင်းအမြစ်များစွာကို ပံ့ပိုးပေးပါတယ်။
မြေအောက်ရေကြွယ်ဝတဲ့ နေရာတွေဖြစ်ပြီး သဘာဝရေ စစ်စနစ်ကြီးအဖြစ် လုပ်ဆောင်ပြီး ထုံးကျောက်တွေကြားက စိမ့်ဝင်စီးဆင်းတဲ့ ရေဟာ သဘာဝအတိုင်း သန့်စင်ပြီး သောက်သုံးရေအဖြစ် အသုံးပြုဖို့ အကောင်းဆုံး ရေအရင်းအမြစ်တစ်ခုဖြစ်လို့ ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာဟာ ထုံးကျောက်တောင် ဒေသတွေက မြေအောက်ရေကို မှီခိုနေကြရပါတယ်။
ထုံးကျောက်တောင် ဂေဟစနစ်က သိုမှီးပေးထားတဲ့ ပမာဏဟာ ကမ္ဘာ့ရေချိုသယံဇာတရဲ့ (၁၅) ရာခိုင်နှုန်းခန့် ရှိတဲ့အတွက် လူသားနဲ့ သတ္တဝါတို့အတွက် အသက်ရှင်ရပ်တည်ရေး အရင်းအမြစ်တွေ ပေးနေတဲ့ ဂေဟစနစ်လည်း ဖြစ်ပါတယ်။
ထူးခြားတဲ့ မြေမျက်နှာသွင်ပြင်ရှိတဲ့ ထုံးကျောက်တောင်ဂေဟစနစ်ဟာ ထိန်းသိမ်းဖို့ အရေးတကြီးလိုအပ်နေတဲ့ ရှားပါးတဲ့ သစ်ပင်ပန်းမန်တွေနဲ့ တိရစ္ဆာန်မျိုးစိတ်ပေါင်းစုံတို့ရဲ့ ရှင်သန်နေထိုင်ရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
အထူးသဖြင့် ဂူတွေထဲမှာ နေထိုင်ကြတဲ့ မျိုးစိတ်တွေဟာ ကမ္ဘာပေါ်မှာ တခြားဘယ်နေရာမှ မတွေ့ရတဲ့ မျိုးစိတ်တွေ ဖြစ်လေ့ရှိပါတယ်။ ဒီလိုဇီဝမျိုးစုံမျိုးကွဲတွေဟာ ဂေဟစနစ်ရဲ့ ဟန်ချက်ညီမျှမှုကို ထိန်းသိမ်းပေးပြီး လူသားတွေအတွက် ဆေးဝါးနဲ့ တခြားအသုံးဝင်တဲ့ ပစ္စည်းတွေ ရှာဖွေရာမှာ အရေးပါပါတယ်။

ထုံးကျောက်တောင်ဒေသတွေရဲ့ လှပတဲ့ မြေမျက်နှာသွင်ပြင်တွေ၊ ထူးခြားတဲ့ ဂူတွေနဲ့ မြေအောက်ရေတံခွန်တွေဟာ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ သဘာဝအလှတရားတွေ ဖြစ်ပါတယ်။
ဒီလို ထူးခြား ရှားပါး လှပတဲ့ သဘာဝတွေကို ထိန်းသိမ်းရင်း ခရီးသွားလုပ်ငန်းတွေကို ဖော်ဆောင်မယ်ဆိုရင် ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖြစ်လာနိုင်ပြီး ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုပါတယ်။
ဒါ့အပြင် ထုံးကျောက်တောင် ဒေသတွေဟာ ကမ္ဘာ့ဘူမိဗေဒဖြစ်စဉ်တွေ၊ ရာသီဥတုပြောင်းလဲမှုတွေနဲ့ ရှေးဟောင်း သဘာဝပတ်ဝန်းကျင် အခြေအနေတွေကို လေ့လာဖို့အတွက် အကောင်းဆုံးနေရာ ဖြစ်ပါတယ်။ ဒီလိုလေ့လာမှု တွေက ကမ္ဘာကြီးအကြောင်းကို ပိုမိုနားလည်စေပြီး အနာဂတ်အတွက် ပြင်ဆင်နိုင်ဖို့ ကူညီပေးပါတယ်။
ရှေးဟောင်းလူသားတွေရဲ့ နေထိုင်ရာနေရာတွေ၊ နံရံဆေးရေးပန်းချီကားတွေနဲ့ သမိုင်းဝင် အထောက်အထား တွေဟာလည်း ထုံးကျောက်တောင်ဂေဟစနစ်တွေမှာ ရှိနေတတ်ပါတယ်။ ဒါတွေက လူသားမျိုးနွယ်ရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုကို လေ့လာဖို့ အဖိုးတန်တဲ့ အရင်းအမြစ်တွေ ဖြစ်ပါတယ်။
ဒီလို ကမ္ဘာမြေရဲ့ အဖိုးတန် ရတနာတွေဖြစ်တဲ့ ကျောက်တောင်ဂေဟစနစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ ကျနော်တို့ရဲ့ နောင်လာမယ့် မျိုးဆက်တွေအတွက် သာယာဝပြောတဲ့ ကမ္ဘာကြီးကို လက်ဆက်ကမ်း အမွေးပေးနိုင်ပါတယ်။
“အားလုံးလက်တွဲပြီး ထုံးကျောက်တောင်တွေကို ကာကွယ်ကြပါစို့”
အယ်ဒီတာမှတ်ချက် – ဤထုံးကျောက်တောင်ဂေစနစ်နှင့် ပတ်သက်သည့် ဓါတ်ပုံများနှင့် အသိပညာပေးစာစုသည် BNACA အဖွဲ့ထံမှ ရယူ၍ မူရင်းအာဘော်မပျက် ၊ လူထုကို အသိပညာပေးနိုင်ရန် သဘာဝခေါ်သံကဏ္ဍမှ ပြန်လည်ဖော်ပြခြင်းဖြစ်သည်။