လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ထဲရှိ စစ်တပ်ဂလစ်ကျေးရွာနဲ့ လငန်းဒေသခံတွေ ပူးပေါင်းစီမံခန့်ခွဲတဲ့ အဏ္ဏဝါရေပြင် ဧရိယာမှာ ဟောင်းနွမ်းငါးဖမ်းပိုက် ၇ တန်နီးပါးကို ပင်လယ်ထဲ မရောက်ရှိသွားအောင် ကာကွယ်ဖယ်ရှားနိုင်ခဲ့တယ်လို့ Myanmar Ocean Project ထံမှ သိရပါတယ်။

ဒီနှစ်အတွင်း တနင်္သာရီတိုင်းရှိ လငန်းကျွန်းတဝိုက်မှာ ဟောင်းနွမ်းငါးဖမ်းပိုက်တွေကို ပုံမှန်စုဆောင်း သိမ်းဆည်းနိုင်ဖို့ ဒေသခံတံငါသည်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေရာ ငလန်းဒေသခံတွေနဲ့ ပူးပေါင်းစီမံခန့်ခွဲတဲ့ အဏ္ဏဝါရေပြင် ဧရိယာ (Locally Managed Marine Area – LMMA) နဲ့ စစ်တပ်ဂလစ်ကျေးရွာ တဝိုက်မှာ ဟောင်းနွမ်းငါးဖမ်းပိုက်တွေကို ဖယ်ရှားနိုင်မှုဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ သန္တာကျောက်တန်းတွေ၊ ပင်လယ်လိပ်တွေ၊ ငါးလိပ်ကျောက်တွေနဲ့ အခြားမျိုးသုဥ်း အန္တရာယ်ကြုံတွေ့နေရတဲ့ အဏ္ဏဝါသတ္တဝါတွေ ပေါကြွယ်ဝလှတဲ့ လငန်းဒေသအတွက် အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ Myanmar Ocean Project က မနေ့က ဩဂုတ်လ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ငလန်းဒေသခံတွေနဲ့ ပူးပေါင်းစီမံခန့်ခွဲတဲ့ အဏ္ဏဝါရေပြင် ဧရိယာမှာ ဟောင်းနွမ်းငါးဖမ်းပိုက်တွေကို ဖယ်ရှားမှုတွေထဲ အခုတကြိမ်ဟာ အကြီးမားဆုံး ပမာဏဖြစ်တယ်လို့ ဆိုပါတယ်။

အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲတွေကို ကာကွယ်ခြင်းဟာ ပင်လယ်အတွက်သာမက ကမ်းရိုးတန်းဒေသနေ လူထုရဲ့ စားဝတ်နေရေးနဲ့ အစားအစာဖူလုံရေးအတွက်ပါ အရေးပါတယ်လို့ MOP က အသိပေးပါတယ်။

ငါးဖမ်းလှေတွေနဲ့ တံငါသည်တို့ အသုံးမပြုတော့တဲ့ ငါးဖမ်းပိုက် အဟောင်းအပျက်တွေ ပင်လယ်ထဲ စွန့်ပစ်ခြင်း မပြုကြရန်အတွက် “ပင်လယ်တွင်း ပလတ်စတစ်အမှိုက် ကောက်ခံသိမ်းဆည်းရန် ဖောင်ငယ်များ” (MOP DROP) ဖောင် (၂) စီးကို အကောင်အထည်ဖော်နေတယ်လို့ MOP ထံမှ သိရပါတယ်။

ဓါတ်ပုံ – Myanmar Ocean Project