ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် နမ့်ပေါင်ရွာအနီးမှာရှိတဲ့ နမ္မကျောက်မီးသွေးတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA က ဒီကနေ့ စက်တင်ဘာလ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မနေ့က စက်တင်ဘာလ ၁၀ ရက် နံနက် ၁ နာရီခန့်မှာ နမ့်ပေါင်ကျေးရွာအနီးက နမ္မကျောက်မီးသွေးတွင်းကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ သတ္တုတွင်းက အဆောက်အဦးအချို့ ပျက်စီးခဲ့ပေမယ့် ပြည်သူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ကိုးကန့်တပ်ဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီဟာ တိုက်လေယာဉ်နဲ့ စုစုပေါင်း ဗုံးကြီး ၄ လုံးနဲ့ ဗုံးအသေး အများအပြားကို ကျဲချတိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကိုလည်း ရှာဖွေတွေ့ရှိထားတယ်လို့ သိရပါတယ်။

လားရှိုးမြို့နဲ့ အနီးတဝိုက်ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ကိုးကန့်တပ်မတော် (MNDAA) က သိမ်းပိုက်ထားပြီးနောက် စစ်ကြောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေမှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

နိုင်ငံတဝန်းက ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို သတိပြုနေထိုင်ကြရန် AA ၊ TNLA၊ MNDAA ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။