ဝင်္ဂဘော်ဆင်စခန်းက ဆင်အမွှာကလေးထဲမှ ဆင်ထီးလေးကျော်ပုလဲဟာ မိခင်ဆင်မကြီးက ခလုတ်တိုက်မိလို့ ကျောနဲ့ တင်ပါးဆုံပိုင်းက ဒဏ်ရာကြောင့် ဇူလိုင်လ ၆ ရက် နံနက်ပိုင်း ၅နာရီခွဲခန့်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

မေလ ၃ ရက် သန်းခေါင်ယံအချိန်မှာ ရုတ်တရက် ခွေးတွေဟောင်တဲ့အတွက် မိခင်ဆင်မကြီးက အိပ်နေရင်း ဆင်ကလေးတွေကို ကာကွယ်လိုစိတ်နဲ့ နောက်ခြေအားယူ၊ ထလိုက်ရာမှ ဆင်ကလေးကျော်ပုလဲရဲ့ ကျောနဲ့ တင်ပါးဆုံပိုင်းကို ပြင်းပြင်းထန်ထိ ထိခိုက်မိခဲ့တယ်လို့ ဝင်္ဂဘော်ဆင်စခန်းက မနေ့ ဇူလိုက်လ ၆ ရက် ထုတ်ပြန်ပါတယ်။

“စဖြစ်ကာစ အနည်းငယ်သာရောင်ရမ်းပြီး နောက်ရက်အနည်းငယ်အတွင်း ကျော်ပုလဲလေး နောက်ပိုင်း မလှုပ်နိုင်ဘဲ ဒုက္ခိတ ဖြစ်ရရှာပါတော့တယ်။ ဆင်ဆရာဝန်တွေဟာလည်း ဓါတ်မှန်ရိုက် စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း၊ သွေး၊ သွေးရည်ကြည်နဲ့ ကျင်ကြီးတို့ စစ်ဆေးအဖြေ ရှာခဲ့ပါတယ်။ ကျော်ပုလဲလေး အနာသက်သာဖို့ ဆေးမျိုးစုံ နည်းမျိုးစုံနဲ့ ၂လနှင့်၃ရက်ကြာ နေ့ညမပြတ် ကုသပေးခဲ့ပါတယ်” လို့ အဲဒီဆင်စခန်းက ထုတ်ပြန်ပါတယ်။

သေဆုံးသွားတဲ့ ကျော်ပုလဲရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကို ခွဲစိတ်စစ်ဆေးခဲ့ရာမှာ ကျောရိုး၊ မြီးခုံရိုးဆစ်တွေ လွဲဟနေပြီး ကျောရိုးမကြီးရဲ့ နာဗ်ကြောကို ဖိမိထားတဲ့အတွက် နောက်ပိုင်းမှာ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဆင်ကလေးကျော်ပုလဲဟာ စတင်ထိခိုက်မှု ဖြစ်ပွားချိန်မှာ ၈ လသာကျော် အရွယ်ပဲ ရှိပြီး ခွဲစိတ်ကုသဖို့ ကြိုးပမ်းခဲ့ပေမယ့် ငယ်ရွယ်လွန်တဲ့အတွက် မဖြစ်နိုင်လို့ မဆောင်ရွက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၆ ရက်က ဝင်္ဂဘော်ဆင်စခန်းမှာ ဆင်မကြီး ပုလဲစန္ဒာက ဆင်မလေး ပုလဲဆင့်နဲ့ ဆင်ထီးလေး ကျော်ပုလဲတို့ အမွှာမောင်နှမကို မွေးဖွားခဲ့ပါတယ်။

ကျော်ပုလဲအတွက် ဆင်စခန်းအတွင်းမှာ အမှတ်တရ အုပ်ဂူလေး တည်ဆောင်ပေးပြီး ထားရှိဖို့ စီစဉ်နေသလို ဇူလိုင်လ ၁၂ ရက်မှာလည်း ဆင်စခန်းမှာ ရက်လည်ဆွမ်းကပ်ကုသိုလ် ဆောင်ရွက်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဝင်္ဂဘော်ဆင်စခန်းဟာ ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့၊ ဝင်္ဂဘော်ကျေး ရွာအုပ်စု၊ ဘောနတ်ကြီးလမ်းပေါ်မှာ တည်ရှိပါတယ်။

ဓါတ်ပုံ – ဝင်္ဂဘော်ဆင်စခန်း