‘၀’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ဒေသ မြောက်ပိုင်းက ရှမ်း-တရုတ် နယ်စပ်အနီးရှိ မိုင်းပေါက်မြို့နယ်ထဲမှာ အခု ၁၀ နှစ်တာအတွင်း မြေရှားသတ္တု တူးဖော်မှုတွေ ၈ ဆ များပြားလာတယ်လို့ ဂြိုလ်တုဓါတ်ပုံတွေကို ကိုးကားပြီး ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်ပါတယ်။

၂၀၁၅ ခုနျစ်မှာ မိုင်းပေါက်ဒေသထဲ မြေရှားသတ္တုတွင်း ၃ ခုသာ ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီရဲ့ ဂြိုလ်တုဓါတ်ပုံတွေအရ မြို့ရဲ့ တောင်ဘက်ရှိ တောင်ကုန်းတွေမှာ မြေရှားသတ္တုတွင်း ၂၆ တွင်းကျော် ပျံ့နှံ့တည်ရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဇွန်လ ၁၉ ရက်မှာ ကြေညာပါတယ်။

အဆိုပါ သတ္တုတွင်းတွေထဲက ၃ ခုဟာ မိုင်းပေါက်မြို့နဲ့ ၃ ကီလိုမီတာ၊ ၄ ကီလိုမီတာခန့်သာ ကွာဝေးတယ်လို့ ဆိုပါတယ်။

မိုင်းပေါက်ဒေသက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ စစ်ကောင်စီက ထုတ်ပြန်တဲ့ တရားဝင် သတ္တုတူးဖော်ခွင့်ပြုစာရင်ထဲ တခုမှ ပါဝင်နေခြင်း မရှိဘူးလို့ သိရပါတယ်။

ဒါကြောင့် UWSA နဲ့ တရုတ်နိုင်ငံကြား ဒေသတွင်း သဘောတူညီချက်တခုရှိပြီး တရုတ်ကျော်ထောက် နောက်ခံပြုတဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီတွေ နေပြည်တော်မှ အာဏာပိုင်းတွေကို မပါဝင်စေဘဲ မြေရှားသတ္တုတွေကို တူးဖော်ပြီး တရုတ်နယ်စပ်ဖြတ်ကျော်၍ သယ်ယူပို့ဆောင်ခွင့် ပြုထားတယ်လို့ SHRF က ထုတ်ပြန်ပါတယ်။

မိုင်းပေါက်အနီးက သတ္တုတွင်းတွေဟာ ကချင်းပြည်နယ်ရှိ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းတွေနဲ့ ပုံစံအတိအကျ တူညီနေပြီး “in situ leaching” လို့ခေါ်တဲ့ မြေအောက်မှ တိုက်ရိုက်ထုတ်ယူတဲ့ နည်းလမ်းကို အသုံးပြုနေတာကို လေ့လာတွေ့ရှိရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဆိုပါတယ်။

အဆိုပါ နည်းလမ်းဟာ မြေရှားသတ္တုတွေ ထုတ်ယူနိုင်ဖို့ ဓါတုပစ္စည်းတွေကို ထပ်တလဲလဲ ထည့်သွင်းရတဲ့ နည်းလမ်းဖြစ်ပြီး ယင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးဝါးစွာ ထိခိုက်ပျက်စီးစေသလို မြေအောက်ရေ အရင်းအမြစ်တွေကိုလည်း ညစ်ညမ်းစေတယ်လို့ သိရပါတယ်။

သတ္တုတွင်းအောက်ပိုင်းမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ကျန်းမာရေးနဲ့ အသက်မွေး ဝမ်းကျောင်းမှုတွေကိုလည်း ခြိမ်းခြောက်ခံနေရတယ်လို့ SHRF က ထုတ်ပြန်ပါတယ်။

မြေရှားသတ္တုတွင်းတွေထဲက ၂၀၂၂ နောက်ပိုင်းမှာ စတင်ခဲ့တဲ့ မိုင်းပေါက်မြို့ရဲ့ တောင်ဘက်၊ သုံးကီလိုမီတာအကွာက သတ္တုတွင်းဟာ မြို့နဲ့ လယ်ယာမြေတွေရဲ့ ဘေးက ဖြတ်သန်းစီးဆင်းနေတဲ့ ဖိုင်ချောင်းဘေးမှာ တည်ရှိတယ်လို့ သိရပါတယ်။

သတ္တုတွင်းကြောင့် ဖိုင်ချောင်းနဲ့ အနီးအနားက မြေအောက်ရေတွေဟာ ညစ်ညမ်းသွားနိုင်ဖွယ်ရှိနေပြီး မြို့နေလူထုရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

မိုင်းပေါက်ဒေသက သတ္တုတွင်းတွေဟာ အရှေ့ပိုင်းရှမ်းပြည်ရဲ့ အဓိက မြစ်ဝှမ်း ၂ ခုဖြစ်တဲ့ သံလွင်မြစ်နဲ့ မဲခေါင်မြစ်ဝှမ်းတို့အကြား တည်ရှိပါတယ်။

သတ္တုတွင်းတွေက ရေတွေဟာ အနောက်ဘက်သို့ စီးဆင်ပြီး ရှမ်းပြည်နယ်ရှိ သံလွင်မြစ်နဲ့ ဆက်သွယ်တဲ့ ခါမြစ်ထဲသို့ စီးဝင်ခြင်း သို့မဟုတ် အရှေ့ဘက်သို့ စီးဆင်းကား ရှမ်းပြည်နယ်- လာအိုနယ်စပ် မဲခေါင်မြစ်ထဲ ဝင်ရောက်တဲ့ လွေမြစ်ထဲသို့ စီးဝင်တယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေမှာ သတ္တုတွင်းတွေမှ လာတဲ့ ညစ်ညမ်းရေတွေဟာ တရုတ်နိုင်ငံကို ထိခိုက်မှု မရှိဘူးလို့ SHRF က လေ့လာတွေ့ရှိချက်ကို ရှင်းပြပါတယ်။

မိုင်းပေါက်ဟာ UWSA ရဲ့ မြောက်ပိုင်းနယ်မြေရှိ ဒုတိယအကြီးဆုံး မြို့ဖြစ်ပြီး UWSA မြို့တော် ပန်ဆန်းရဲ့ အရှေ့တောင်ဘက် ၂၅ ကီလိုမီတာခန့်အကွာမှာ တည်ရှိပြီး အရင်က လားဟူနဲ့ ရှမ်းလူမျိုးတွေ အဓိက နေထိုင်ကြပါတယ်။

အရင်က စိုက်ပျိုးရေး ၊ ကုန်သွယ်ရေး ရွာငယ်လေးဖြစ်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုကြောင့် အထပ်မြင့်အဆောက်အအုံတွေ များစွာရှိတဲ့ မြို့ပြဧရိယာ “အထူးဖွံ့ဖြိုးရေးဇုန်”အဖြစ် ပြောင်းလဲသွားတယ်လို့ SHRF က ထုတ်ပြန်ပါတယ်။