
တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေအတွင်း သစ်တော၊ သတ္တု/ကျောက်မျက်နဲ့ ရေနံထွက်ပစ္စည်များမှ အခွန်ဘဏ္ဍာ ကျပ်သန်းပေါင်း သန်းချီ ကောက်ခံရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ထံမှ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၄ နှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှ “စိုးမိုးထိန်းချုပ်နယ်မြေများတွင် အခွန်ဘဏ္ဍာရရှိမှု အခြေအနေ” နဲ့ ပတ်သက်လို့ မေလ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
၂၀၂၄ ခုနှစ်၊ တနှစ်တာအတွင်း သစ်တော/ ပတ်ဝန်းကျင်ကဏ္ဍ နဲ့ သတ္တု/ ကျောက်မျက်ကဏ္ဍတို့က ရရှိတဲ့ လေလံ၊ ဒဏ်ကြေးငွေ စုစုပေါင်း အခွန်ကောက်ခံရရှိမှုမှာ ကျပ်သန်းပေါင်း ၄၇၂,၁၄၁. ၃၃ နဲ့ ရွှေစင် ၁၆.၉၄ ပိဿ ရရှိခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ပြီး ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်လျက်ရှိပြီး ကျွဲ၊ နွား စတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို အခွန်ဘဏ္ဍာကောက်ခံခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ကျပ်သိန်းပေါင်း သုံးသောင်း သုံးထောင်ကျော် (၃, ၃၄၉, ၄၂၅, ၀၀၀) ကို ကောက်ခံရရှိခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စွမ်းအင်ကဏ္ဍဖြစ်တဲ့ ရေနံနဲ့ ရေနံထွက်ပစ္စည်း လုပ်ငန်းတွေမှ အခွန်ဘဏ္ဍာ စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံကျော်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကောက်ခံရရှိတဲ့ အခွန်ဘဏ္ဍာတွေကို တော်လှန်ရေးမှာ လိုအပ်တဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေး ၄ နှစ်ကျော်လာချိန် နိုင်ငံတဝန်းမှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၉၆ မြို့ ရှိတယ်လို့ BNI – Myanmar Peace Monitor ရဲ့ သုတေသနပြုချက်တွေက ဖော်ပြထားပါတယ်။
နိုင်ငံအတွင်းက ဒေသတချို့မှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အခွင့်ကောင်းယူကာ စီးပွားရေးသမားတွေက နိုင်ငံပိုင်သယံဇာတပစ္စည်းတွေကို ထုတ်ယူနေကြပြီး တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက ၂၀၂၅ ဖေဖော်ဝါရီလမှ စတင်လို့ သတင်းစာတွေကနေ ကြေညာပါတယ်။
အဲဒီလိုထောက်ပံ့နေမှုတွေကို စိစစ်ဖော်ထုတ်လို့ တိုက်ဖျက်သွားမှာဖြစ်ပြီး အဲဒီလို လုပ်ကိုင်မှုတွေဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုကို အားပေးမှု မြောက်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ သယံဇာတလုပ်ကွက်နေရာတွေနဲ့ အနီးဝန်းကျင်က ကျေးရွာတွေကို စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ် ပိုမိုပြုလုပ်လာပြီး အဲဒီလို တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ၊ နေအိမ်နဲ့ အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုတွေ အများအပြား ရှိနေပါတယ်။
ဓါတ်ပုံ – NUG အစိုးရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာတူးခေါင်က အညာဒေသကို ကွင်းဆင်းခြင်းနဲ့ သတ္တုတူးဖော်ကို ကွင်းဆင်းစစ်ဆေးခြင်း။