
ချင်းပြည်နယ်၊ လောက်တူနယ်ဒေသမှာ သားငှက်တိရစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း မပြုဖို့ တားမြစ်ထားမှုကို တသွေးမတိမ်းလိုက်နာ ဆောင်ရွက်ပေးတဲ့ ပြည်သူတွေကို အထူးကျေးဇူးတင်ရှိကြောင်း လောက်တူနယ်ဒေသ – ပအဖအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီနှစ် ၂၀၂၄၊ မတ်လ ၁၈ ရက်မှ ဇွန်လ ၃၀ ရက်အထိ လောက်တူနယ်ဒေသတွင် ငှက်နဲ့ ခြေလေးချောင်း သားကောင်းတွေ ဖမ်းဆီးသတ်ဖြတ်ခြင်း မပြုဖို့ တားမြစ်ပိတ်ပင်ခြင်းကို မတ်လထဲက စတင်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
တောရိုင်းတိစ္ဆာန်ထိန်းသိမ်းရေး ညွှန်ကြားချက်တွေကို စည်းလုံးညီညွတ်စွာနဲ့ တသွေမတိမ်း လိုက်နာဆောင်ရွက်ပေးတဲ့ ပြည်သူတွေ၊ ကြပ်မတ်အကောင်အထည်ဖော်ကြတဲ့ ဒေသအဆင့်အဖွဲ့အစည်းတွေ၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လူငယ်အဖွဲ့အစည်း အသီးသီးအပေါ် အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ပါတယ်။
ကျန်ရှိတဲ့ ၅ ရက်တာကာလ ဇွန်လ ၃၀ ရက်အထိ ဆက်လက် လိုက်နာဆောင်ရွက်ပေးကြဖို့ လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒေသအတွင်းက ကျေးငှက်တွေ၊ တောနေသားကောင်တွေနဲ့ ရေနေသတ္တဝါးတွေ မျိုးပွားနိုင်ရေး အတားအဆီးဖြစ်စေမယ့် လုပ်ဆောင်ချက်တွေကို ပြည်သူတွေ အစဉ်ရှောင်ကျဉ်ဖို့နဲ့ မလိုလာအပ်ပဲ သတ်ဖြတ် ဖျက်ဆီးခြင်း မပြုလုပ်မိရေး ထိန်းသိမ်းကာကွယ်ကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မတ်လ ၁၂ ရက်က ငှက်နဲ့ ခြေလေးချောင်း သားကောင်တွေ ဖမ်းဆီးသတ်ဖြတ်ခြင်း မပြုဖို့ တားမြစ်ပိတ်ပင်ခြင်းဆိုင်ရာ ဒေသန္တရအမိန့်ကို လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနှစ် သားငှက်တိရစ္ဆာန်တွေ သားပေါက်ချိန်အတွင်း ထုတ်ပြန်ခဲ့ပါတယ်။
ဧပြီလ ၁၅ ရက်မှာတော့ ထိန်းသိမ်းရေး ကာလအတွင်း ဇွန်လ ၃၀ ရက်အထိ မည်သူမျှ သေနတ် ကိုင်ဆောင်အသုံးပြုခြင်း မပြုဖို့၊ အိမ်မွေးတိရစ္ဆာ ကာကွယ်ဖို့ သို့မဟုတ် အခြားအရေးကြီးကိစ္စရပ်တစ်ခုခုကြောင့် သေနတ်အသုံးပြုဖို့ အကြောင်းပေါ်ပေါက်ပါက ရပ်ရွာအုပ်ချုပ်ရေးမှူးထံ ခွင့်ပြုချက် ရယူပြီးမှသာ ဆောင်ရွက်ရန် ထပ်မံသတိပေးထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။