ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ သံလွင်ငြိမ်းချင်းရေး ဥယျာဉ်အတွင်း ကျေးရွာပိုင် ဘုံသစ်တော ၄၃ ခု နဲ့ ‘ကော်’ ၂၈၈ ခုကို သတ်မှတ်တည်ထောင်ထားတယ်လို့ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် အုပ်ချုပ်ရေးကော်မတီ ထံမှ သိရပါတယ်။

နိုင်ငံရေး ကပ်ဆိုး၊ ပဋိပက္ခ ပြည်တွင်းစစ် နဲ့ နေရပ် စွန့်ခွာရွှေ့ပြောင်းနေထိုင်ရခြင်းတို့ကြောင့် ဒေသခံပြည်သူတွေဟာ မတည်ငြိမ်တဲ့ အခြေအနေအောက်မှာ နေထိုင်ရပေမယ့် ဘိုးဘွားမြေ၊ ဇီဝမျိုးကွဲနဲ့ သဘာဝ အရင်းအမြစ်တွေ ဆက်လက်ကာကွယ်သွားမယ်လို့ အဲဒီကော်မတီက ဆိုပါတယ်။

သဘာဝနဲ့ ဓလေ့ရိုးရာအရ ထိန်းသိမ်းတဲ့ ကျေးရွာပိုင်ဘုံသစ်တော ၄၃ ခု၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ၆ ခု၊ ကြိုးဝိုင်းသစ်တော ၉ ခု နဲ့ ဌာနေလူမျိုးစု စီမံခန်ခွဲတဲ့ ‘ကော်’ ၂၈၈ ခုကို မူတြော်ခရိုင်ထဲမှာ တိုင်းတာ သတ်မှတ်ခဲ့ပြီး ဖြစ်တယ်လို့ အဲဒီကော်မတီက ဇွန်လ ၅ ရက်က ထုတ်ပြန်ပါတယ်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပိုမိုခိုင်မာစေတဲ့ အရာဖြစ်ပြီး ဘိုးဘွားမြေ၊ သဘာဝ ပတ်ဝန်းကျင် နဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို အနာဂါတ်မျိုးဆက်တွေအတွက် ကာကွယ်ဖို့ မွေးဖွားလာတဲ့ ဥယျာဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်ကို အတူတကွ စုပေါင်းကုစား၊ ကာကွယ်ရာမှာ ဌာနေလူမျိုးစုတို့ရဲ့ အသိပညာနဲ့ လုပ်ထုံးလုပ်နည်းတွေဟာ အဖိုးတန်အရင်းအမြစ်တွေ ဖြစ်ပြီး ဌာနေလူမျိုးစုတို့ရဲ့ ဦးဆောင်မှုနဲ့ အခွင့်အရေးတို့ကို အသိအမှတ်ပြုခြင်းက အရေးကြီးတယ်လို့ ဆိုပါတယ်။

ပဋိပက္ခ ဖြေရှင်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး၊ သဘာဝအရင်းအမြစ် နဲ့ ဇီဝမျိုးကွဲ ထိန်းသိမ်းရေး၊ အခြေခံအဆောက်အအုံ၊ စီးပွားရေးနဲ့ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာနဲ့ သဘာဝအရင်းအမြစ် စီမံ ခန့်ခွဲရေး၊ ရိုးရာယဉ်ကျေးမှု ပြန်လည် ရှင်သန်ရေး ၊ ငြိမ်းရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တည်ဆောက်ရေး စတဲ့အချက်တွေကို ပဥ္ဓမ အကြိမ်မြောက် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် အထွေထွေ ညီလာခံကနေ ချမှတ်ထားတယ်လို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက ထုတ်ပြန်ထားပါတယ်။

“ကော်” ဆိုတာက စိုက်ပျိုးမြေနေရာ၊ ကျေးရွာ၊ ယုံကြည် ကိုးကွယ်မှုအရ တားမြစ်ထိန်းသိမ်းထားတဲ့ နေရာ၊ သစ်တောနဲ့ ဇီဝမျိုးကွဲ ထိန်းသိမ်းကာကွယ်ရာ နေရာတွေ ပါဝင်ပြီး ဒေသခံဌာန ကရင်လူမျိုးစုတွေအနေနဲ့ သူတို့ ထုံးတမ်းအစဉ်းအလာအရ အတူတကွ အသုံးပြုစီမံခန့်ခွဲ ထိန်းသိမ်းကြတဲ့ မြေယာဒေသဖြစ်ပါတယ်။

“ကော်”စီမံခန့်ခွဲမှု အလေ့အထဟာ ကရင်လူမျိုးစုတွေရဲ့ ယဉ်ကျေးမှု၊ ယုံကြည်မှုနဲ့ သဘာဝဇီဝ မျိုးကွဲကာကွယ်ခြင်း ဓလေ့ထုံးတမ်းတွေမှ တဆင့် ဆင်းသက်လာမှုဖြစ်ပါတယ်။

ဓါတ်ပုံများ – Salween Peace Park