
ချင်းပြည်နယ် မြို့တော် ဟားခါးကို အပြီးသိမ်းနိုင်ရေးအတွက် ရုန်းတောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေရာ မြို့ပေါ် ခွေးမွေးသူတွေအနေနဲ့ ဩဂုတ်လ ၁ ရက် နောက်ဆုံးထားပြီး ခွေးတွေကို ရောင်းချဖို့၊ ရောင်းမရပါက သတ်ပစ်ဖို့ CDF- ဟားခါးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ဟားခါးမြို့ပေါ်မှာ အိမ်ပြင်ထွက်လာတဲ့ ခွေးတွေကို ဘယ်သူ မဆို သတ်ဖြတ်ပိုင်ခွင့် ရှိသလို ခွေးပိုင်ရှင်တွေကိုလည်း ပြစ်ဒဏ် ပေးမယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဟားခါးက ဒီနေ့ ဇူလိုင်လ ၃၀ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
စစ်အာဏာရှင်တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ဟားခါးမြို့ပေါ်က ခွေးနဲ့ အိမ်မွေးခွေးတွေကို ရှင်းလင်းဖို့ ၃ ရက်တာ အချိန်ပေးသတ်မှတ်လိုက်ပါတယ်။
မြို့ပေါ်က ခွေးတွေဟာ ချင်းတော်လှန်ရေးသမားတွေကို အနှောင့်အယှက်ပေးနေတဲ့အပြင် စစ်ဆင်ရေးအတွင်း ခွေးဟောင်တဲ့ ဘက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ရမ်းသမ်းပစ်ခတ်တာတွေ လုပ်နိုင်တာကြောင့် အိမ်နီးနားချင်းနဲ့ ရပ်ကွက်နေပြည်သူတွေကို အခက်အခဲကြုံတွေ့စေနိုင်တယ်လို့ CDF- ဟားခါးက ထုတ်ပြန်ပါတယ်။
မြို့ပေါ်က ခွေးတွေကြောင့် ချင်းတော်လှန်ရေး သမားတွေကို ဒုက္ခရောက်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
CDF – ဟားခါးဟာ ရုန်းတောင် စစ်ဆင်ရေးအဖြစ် အဆင့် ၂ ဆင့် သတ်မှတ်ထားပြီး ပထမအဆင့်တွင် ဟားခါးမြို့ပေါ်မှာ ပျောက်ကြားဗျူဟာနဲ့ စစ်ကောင်စီကို တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင် တော်လှန်ရေး ပြီးခါနီးပြီးဖြစ်သောကြောင့် တော်လှန်ရေး အောင်မြင်မှု ရရှိဖို့ ဆုတောင်းခြင်း၊ ထောက်ပံ့ကူညီခြင်းတွေနဲ့ အတူတကွ ပါဝင်ကြရန် CDF – ဟားခါးက နှိုးဆော်ထားပါတယ်။
ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF -ဟားခါးဟာ ဟားခါးမြို့သိမ်းနိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဆောင်ရွက်မှု ၁ လပြည့် နေ့မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။
ရုန်းတောင်စစ်ဆင်ရေးအတွင်း ဟားခါးမြို့မှာ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဆင်နွှဲထားပြီး ဇူလိုင်လ ၂၀ ရက်က ဟားခါးမြို့မရဲစခန်းကို စီးနင်းတိုက်ခိုက်မှုမှာ CDF တပ်ဖွဲ့ဝင် ၁၃ ဦးအပါအဝင် အကျဉ်းသား ၆၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။