
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ ရွှေတူးဖော်လုပ်ငန်း လုပ်ကိုင်တဲ့ ရွှေမှော်ပေါင်း ၃၀ ခု ရှိပြီး KIA ၊ စစ်ကောင်စီတပ် နဲ့ ပြည်သူစစ်တို့က ယင်းရွှေမှော်တွေမှ အခွန်ငွေကြေးတွေ ခွဲဝေရရှိနေတယ်လို့ အစီရင်ခံစာတစ်စောင် ကြေညာပါတယ်။
ဟူးကောင်းချိုင့်ဝှမ်းအတွင်း တည်ရှိနေတဲ့ တနိုင်းမြို့နယ်ထဲမှာ သယံဇာတ တူးဖော်ထုတ်လုပ်နေမှုတွေကို KIA၊ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တို့က စီမံအုပ်ချုပ်နေကြပြီး KIA ထိန်းချုပ်မှု လက်အောက်မှာ ရွှေမှော်တွေ အများဆုံးရှိတယ်လို့ Myanmar Resource Watch က ဇွန်လ ၆ ရက် မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဆိုပါတယ်။
ပြည်သူ့စစ်နဲ့ စစ်တပ်ရှိတဲ့ နေရာမှာ ရွှေမှော် အများကြီး မရှိပေမယ့် KIA ထိန်းချုပ်မှုအောက်က ရွှေမှော်မှာ လုပ်ကိုင်သူတွေဟာ စစ်တပ်နဲ့ ပြည်သူ့စစ်ကို အခွန်မဆောင်ပါက မကြာခဏ ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် နီးစပ်သူတွေကနေ ပိုက်ဆံပေးကြရတယ်လို့ ဒေသခံတွေကို ကိုးကားပြီး ထုတ်ပြန်ပါတယ်။
တနိုင်းမြို့နယ်က ရွှေမှော် ၃၀ ထဲမှာ ဆတူးဇွပ်၊ ဆံလွင်၊ ဝေလှော်၊ လာဘူခ၊ နမ့်ခမ်း၊ ကိုင်းတော၊ အထက် ဆားကျင်း၊ အောက်ဆားကျင်း၊ ဆယ်သိမ်း၊ နမ့်ကွမ်းနဲ့ ဓါတ်ခဲမှော်တို့က အထင်းရှားဆုံးဖြစ်ပြီး လာဘူခမှော်ဟာ အစည်းကားဆုံး မှော်ကြီးဖြစ်တယ်လို့ ဆိုပါတယ်။
KIA ထိန်းချုပ်နယ်မြေအတွင်း မြေတူးစက် တစ်စီးအတွက် လစဉ်ကြေး သိန်း ၅၀ ပေးရပြီး ပြည်သူ့စစ်နဲ့ စစ်တပ်တို့ ထိန်းချုပ်နယ်ထဲမှာလည်း ယင်းနှုန်းအတိုင်းပေးရတယ်လို့ သိရပါတယ်။
KIA အဖွဲ့ကို အခွန်အနေနဲ့ ရွှေကျင်းတစ်ကျင်းတူးချင်ပါက တစ်လကို ရွှေ အရွေး ၃၀ ကို ရွှေထွက် ရှိမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပေးရတယ်လို့လည်း သိရပါတယ်။
တချို့လုပ်ကွက်တွေမှာ ပြည်သူ့စစ်ကို မြေတူးစက် (excavator) တစ်စီးအတွက် သိန်း ၃၀ ကျပ်ကို လုပ်ငန်းရှင်တွေက ပေးဆောင်ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
လက်နက်ကိုင်အဖွဲ့တွေကို လုပ်ငန်းရှင်တွေက ပေးရတဲ့ အခကြေးငွေတွေဟာ ကွာခြားမှု သိပ်မရှိဘူးလို့ Myanmar Resource Watch က ထုတ်ပြန်ပါတယ်။
KIA ထိန်းချုပ်နယ်မြေထဲက ရွှေကြောကောင်းတဲ့ နေရာတွေကို KIA က သေချာကိုင်တွယ်ပြီး အခွန်ကို သိန်းရာချီ ကောက်ခံတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။ အဲဒီလို လုပ်ကွက်တွေကို ဘယ်သူတွေ လုပ်ကိုင်ခွင့် ရရှိပြီး အခွန်ဘယ်လောက်ပေးရတယ်ဆိုတာကို အတိအကျတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တနိုင်းမြို့နယ်ထဲမှာ တရုတ်ကုမ္ပဏီတွေက တူးဖော်ကြတဲ့ ရွှေဖောင်ကြီးတွေဟာ တနိုင်တပိုင်ရွှေတူးဖော်မှုထက် လုပ်ငန်းပမာဏ ကြီးမားတဲ့အတွက် ချောင်းတွေဟာ ရေလမ်းကြောင်းတွေပင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
“ရွှေတူးဖော်ရေး လုပ်ငန်းတွေကြောင့် အဲဒီဒေသရဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေက အလွန်ဆိုးရွားနေပြီး တနိုင်းချောင်းအပါအဝင် ချောင်းငယ်တွေ တိမ်ကောခြင်း၊ ရေလမ်းကြောင်း ပြောင်းလဲခြင်း၊ မြေပြိုခြင်းနဲ့ သစ်တော ပြုန်းတီးခြင်း စတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်ပေါ်နေတယ်။ အရင်က သစ်တော ဧရိယာ ၈၅ ရာခိုင်နှုန်း ရှိတဲ့ တနိုင်းဒေသဟာ အခုအခါ သစ်တော်တွေ သိသိသာသာ ဆုံးရှုံးနေပြီး သစ်တောမရှိတဲ့ မြေတွေဟာ မြေမှန် မရှိတောပဲ ဖို့မြေတွေသာ ကျန်ရှိတော့တယ်” လို့ Myanmar Resource Watch က သတိပေးထားပါတယ်။

လက်နက်ကိုင်အဖွဲ့တွေဟာ ရွှေတူးဖော်ရေးလုပ်ငန်းတွေကိုသာ အခွန်ကောက်ခံခြင်း မဟုတ်ဘဲ လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ စက်ပစ္စည်းနဲ့ အခြေခံစားနပ်ရိက္ခာတွေကိုလည်း အခွန်ကောက်ခံပြီး ဆန်အိတ် ၂ အိတ် သယ်ဆောင်ခွင့် ပြုထားပေမယ့် ဆန်အိတ် ၁၀ အိတ်အထက်ကို တအိတ်ကို ၁၅, ၀၀၀ မှ ၃၀,၀၀၀ ကျပ်အထိ ပေးရတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
တနိုင်းမြို့နယ်ထဲက မိုင် ၄၀ နီးပါးရှိတဲ့ လီဒိုလမ်မကြီးဟာ ရွှေတူးဖော်တဲ့ လုပ်ငန်းသုံး ယာဉ်တွေကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးနေပြီးလို့ ဆိုပါတယ်။
တနိုင်းဒေသထဲမှာ လက်နက်ကိုင်အဖွဲ့တွေဟာ ရွှေတူးဖော်မှုတွေကို ခွင့်ပြုပြီး အကျိုးစီးပွားတွေ ရရှိနေပေမယ့် ရွှေတူးတဲ့ လုပ်ကွက်ဟောင်းတွေကို မြေပြန်ဖို့ရန်၊ သစ်ပင်ပြန်လည် စိုက်ပျိုးရန် စတဲ့ ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းတွေ ကြပ်မတ်ပေးခြင်း မရှိသလို တာဝန်ယူမှု၊ တာဝန်ခံမှုလည်းမရှိဘဲ လစ်လျုရှုထားတယ်လို့ ဆိုပါတယ်။
တနိုင်းမြို့နယ်ဟာ ဟူးကောင်းချိုင့်ဝှမ်းအတွင်း တည်ရှိတဲ့အတွက် ဘေးပတ်လည်မှာ တောင်တန်း ၁၁ ခုရှိပြီး နာမည်ကျော် တနိုင်းချောင်းအပါအဝင် ချောင်း ၈ ချောင်း ရှိကာ တောတော်ထူထပ်တဲ့ လွင်ပြင်ဒေသတခုဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ဇွန်လထဲမှာ တနိုင်းဒေသအတွင်း ရွှေနဲ့ ပယင်းမှော်တွေကို နိုင်ငံတော်က တရားဝင်ခွင့်ပြုထားခြင်း မရှိဟု ကြေညာခဲ့ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်မယ်လို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ပေါ်က စာတွေ ကြဲချ၍ အသိပေးခဲ့ပါတယ်။
၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တော်လှန်ရေး ၃ နှစ်ကျော်ကာလဖြစ်တဲ့ ၂၀၂၄ ခုနှစ် မေလထဲမှာ KIA က ယင်းဒေသကို ပြန်လည်သိမ်းယူထားနိုင်ခဲ့တယ်လို့ သိရပါတယ်။
တနိုင်းမြို့နယ်မှာ ရပ်ကွက် ၆ ခု၊ ကျေးရွာပေါင်း ၅၉ ရွာ ရှိပြီး လူဦးရေး ၄ သောင်းနီးပါး နေထိုင်ကြပါတယ်။