မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းတွေ ရယူပြီး ရေနံချက်စက်ရုံသစ်စီမံကိန်းကို တရုတ်- မြန်မာ နှစ်နိုင်ငံ ပူးပေါင်း အကောင်အထည်ဖော်သွားမယ်လို့ စစ်ကောင်စီ၊ စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်းမှ ရေနံစိမ်းတွေ ရယူပြီး မြန်မာမှာ ရေနံချက် ထုတ်လုပ်မယ့် ရေနံချက်စက်ရုံသစ် စီမံကိန်းကိန်းကို ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကို စစ်ကောင်စီ၊ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Ms. Ma Jia တို့ ဇွန်လ ၉ ရက် ထပ်မံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးမှုမှာ သဘောတူညီထားပြီးဖြစ်တဲ့ အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်းမှ ရေနံစိမ်းတွေ ရယူပြီး ရေနံချက်စက်ရုံသစ်စီမံကိန်းကို ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်သွားမယ်လို့ တရုတ်သံအမတ်က ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းအောက်ရှိ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ မဟာဗျူဟာမြောက်စီမံကိန်းတွေမှာ ပါဝင်တဲ့ စွမ်းအင်ကဏ္ဍဆိုင်ရာ စီမံကိန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး တရုတ်သံအမတ်ကလည်း နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အလားအလာ ကောင်းတဲ့ ကမ်းလွန် လုပ်ကွက်တွေမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းတို့အတွက် တရုတ်နိုင်ငံက ကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံရေးနဲ့ ဆောင်ရွက်ဆဲ ကမ်းလွန် လုပ်ကွက်မှာလည်း တရုတ်ကုမ္ပဏီတွေ လာရောက် လုပ်ကိုင်ဖို့ စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနက ဖိတ်ခေါ်နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ တရုတ်၊ ရုရှားအပါအဝင် နိုင်ငံတကာကို မြန်မာနိုင်ငံက ကမ်းလွန်ရေနံနဲ့ သဘာဝလုပ်ကွက်တွေနဲ့ ကုန်းတွင်းရေနံလုပ်ကွက်တွေမှာ လာရောက်ရင်းနှီးမြှုပ်ကြရေး ထပ်တလဲလဲ ဆွေးနွေးမှုတွေ၊ ဖိတ်ခေါ်မှုတွေ ပြုလုပ်နေပါတယ်။