
ဒီနေ့ မတ်လ ၅ ရက်မှာ ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက ဒေသ ၂ ခုကို ဗဟိုပြုပြီး ရစ်ခ်တာ စကေး ၅ အထက်ရှိတဲ့ အင်အားအသင့်အတင့် မြေငလျင်တွေ လှုပ်ခတ်သွားတယ်လို့ စစ်ကောင်စီ မိုးဇလဌာနနဲ့ ဒေသခံတွေဆီက သိရပါတယ်။
မတ်လ ၅ ရက် နံနက် ၄နာရီခွဲခန့်မှာ ရန်ကုန်၊ ကမ္ဘာအေးမြေငလျင်စခန်းရဲ့ အနောက်- အနောက်မြောက်ဘက် ၃၃ မိုင်ခန့် ကွာဝေးပြီး ညောင်တုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုကာ ငလျင်လှုပ်ခတ်သွားတယ်လို့ သိရပါတယ်။
ငလျင်ဟာ အင်အားရစ်ခ်တာ စကေး ၅.၁ အဆင့်ရှိ အင်အားအသင့်အတင့် ပြင်အားရှိတဲ့ မြေငလျင်တခု ဖြစ်တယ်လို့ စစ်ကောင်စီ လက််အောက်ခံ မိုးဇလဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့အနီးကို လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် မအူပင်မြို့ပေါ်က စိမ်းမြကန်သာ သတ္တဌာန ဘုရားအပါအဝင် သာသနိက အဆောက်အဦးတချို့နဲ့ ဘုန်းကြီးကျောင်းဆောင်တချို့ ပျက်စီးမှု၊ ပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ စိမ်းမြကန်သာဂေါပကအဖွဲ့ထံက သိရပါတယ်။
မတ်လ ၅ ရက် နေ့လည် ၁၂ နာရီခန့်မှာလည်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရဲ့ အနောက်တောင်ဘက် ၂၃ မိုင်ခန့်အကွာ၊ အနက် ၆၄ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ခ်တာ စကေး ၅.၅. အဆင်ရှိ အင်အားအသင့်အတင့် မြေငလျင်တခု ထပ်မံလှုပ်ခတ်သွားတယ်လို့ သိရပါတယ်။။
မိုးဇလဌာနက ဒီနေ့မှာ အသိပေးထုတ်ပြန်ထားတဲ့ ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နဲ့ ငလျင်လှုပ်ပြီးချိန်တွေမှာ သတိပြုလိုက်နာဆောင်ရွက်သင့်တဲ့ အချက်တွေကို လူထုအသိပညာ ရရှိနိုဖို့ ရည်ရွယ်ချက်နဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ငလျင်လှုပ်ရှားနိုင်တဲ့ဒေသ (သို့မဟုတ်) ငလျင်ပြတ်ရွေ့ တည်ရှိရာဒေသတွေမှာ နေထိုင်သူတွေဟာ ငလျင်သတိ အမြဲရှိနေဖို့နဲ့ ငလျင်လှုပ်ရှားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ မရှိရစေဖို့ ကြိုတင်ပြင်ဆင်ထားမှုတွေ ပြုလုပ်ထားရမယ်လို့ မိုးဇလဌာနက သတိပေးပါတယ်။
ငလျင်မလှုပ်မီ ဆောင်ရွက်ရန် အချက်များ
(၁) အခန်းတိုင်းတွင် လုံခြုံသောနေရာကိုသိထားရမည်၊
(၂) လုံခြုံသောနေရာသို့ ဝင်ရန်၊ အကာအကွယ်ယူရန်၊ ဆွဲကိုင်ထားရန်တို့အား လေ့ကျင့်ထားရမည်၊
(၃) အန္တရာယ်ရှိသော နေရာများကို သိထားရမည်၊
(၄) အိမ်ပြင်တွင်ရှိလျှင် လုံခြုံစိတ်ချရသောနေရာများကို သိထားရမည်၊
(၅) ထွက်ပြေးရန် လမ်းကြောင်းများ၊ အရံထွက်လမ်းများကို လေ့လာမှတ်ထားရမည်၊
(၆) ရေ၊ ဓာတ်ငွေ့နှင့် လျှပ်စစ်မီးတို့ကို အရေးပေါ် ဖြတ်တောက်နိုင်မည့်နေရာများကို သိထားရမည်။
ငလျင်လှုပ်ရှားစဉ် လုပ်ဆောင်ရန်အချက်များ
(၁) မြေကြီး(သို့မဟုတ်) အဆောက်အဦတုန်ခါခြင်းကြောင့် ပြိုကျလာသည့် အကျိုးအပဲ့များ ထိခိုက်မည့်အန္တရာယ်မှ လွတ်ကင်းအောင် စာရေးခုံ၊ စားပွဲအောက်တွင် ချက်ချင်းအမြန်ဆုံးဝင်၍ ပုန်းလျှိုးနေလိုက်ပါ၊
(၂) ပြိုကျနေသည့်အကျိုးအပဲ့များ၊ မြင့်မားသည့်ပရိဘောဂများ၊ ကြမ်းပြင်ပေါ်တွင် လျောကျနိုင်သော (သို့မဟုတ်) မှောက်လဲနိုင်သော လေးလံသည့် အရာဝတ္တုများကို သတိထားပါ၊
(၃) အပြင်ထွက်သော တံခါးပေါက်၊ ပြူတင်းပေါက်များမှ ဝေးဝေးနေပါ၊
(၄) ငလျင်လှုပ်စဉ် အိမ်အပြင်သို့ ထွက်မပြေးပါနှင့်၊
(၅) မိမိသည် တိုက်အမြင့်ကြီး၌ နေထိုင်ပါက လှေကားများ(သို့မဟုတ်) ဓာတ်လှေကားများတွင် တိုးဝှေ့ခြင်း မပြုပါနှင့်၊
(၆) မိမိသည် လမ်းပေါ်သို့ရောက်နေပါက အဆောက်အဦများ၊ လျှပ်စစ်ကြိုးများနှင့် ဝေးကွာသော ကွင်းပြင်သို့ ရောက်ရှိရန် ကြိုးပမ်းရမည်၊
(၇) မိမိသည် ကားအတွင်းတွင်ရှိနေလျှင် ကားကို စက်သတ်ရပ်ထား၍ ကားအတွင်း၌ပင် ဆက်နေပြီး တံတားများ၊ အဆောက်အဦးများနှင့် ဝေးဝေးနေရမည်၊
(၈) ပင်လယ်ကမ်းခြေ၊ နိမ့်သော မြစ်ကမ်းပါးတို့မှ ဝေးနိုင်သမျှ ဝေးဝေးနေပါ။ ဆူနာမီရေလှိုင်းကြီးများ ဝင်ရောက်လာနိုင်ပါသည်။
ငလျင်လှုပ်ပြီးလျှင် လုပ်ဆောင်ရန်အချက်များ
(၁) မိမိကိုယ်ကို အနာတရ ဖြစ် မဖြစ် စစ်ဆေးပါ၊
(၂) နောက်ဆက်တွဲဖြစ်နိုင်သည့် အန္တရာယ်တို့ကို ကာကွယ်ပါ၊
(၃) ရှေးဦးသူနာပြုစုနည်းများဖြင့် ပြုစုပါ၊
(၄) အဆောက်အဦတွင် ထိခိုက်မှု မမာဏကို စစ်ဆေးပါ၊
(၅) မီးဘေးအန္တရာယ်ကို တွက်ဆပါ၊
(၆) မီးခြစ် မသုံးပါနှင့်၊ မီးခလုတ်များကို ပိတ်ထားပြီး ဓာတ်မီးနှင့် ဘတ္ထရီမီးတို့ကို သုံးပါ၊
(၇) ဓာတ်ငွေ့နံ့၊ ဓာတ်ဆီနံ့စသည့် လောင်စာနံ့ရပါက အမြန်ဆုံး ထွက်ခွာပါ၊
(၈) နောက်ဆက်တွဲငလျင်များ လှုပ်နိုင်သည်ကို သတိပြု ပြင်ဆင်ပါ။
ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲ ဘေးအန္တရာယ်များ
(၁) နောက်ဆက်တွဲငလျင်များ၊
(၂) မြို့ပြမီးဘေးအန္တရာယ်၊
(၃) ရေကာတာကြီးများ ကျိုးပျက်၍ ရေကြီးခြင်း၊
(၄) တောင်ပြိုခြင်း၊ မြေပြိုခြင်း၊
(၅) ရွံ့မီးတောင်များ ပေါက်ကွဲပန်းထွက်ခြင်း၊
(၆) ဆူနာမီရေလှိုင်း ဖြစ်ပေါ်ရိုက်ခတ်ခြင်း၊
(၇) ကောလဟာလ သတင်းလွှင့်ခြင်းတို့ ဖြစ်ပါတယ်။