
အာဏာသိမ်းပြီးနောက်ပိုင်း သစ်တောတွေ ပိုမိုခုတ်ယူခြင်းနဲ့ ဧရာဝတီမြစ်ဝှမ်းတလျှောက် တရားမဝင် ရွှေတူးဖော်မှုတွေကြောင့် ဧရာဝတီမြစ်ရေ အရည်အသွေးကို စစ်ဆေးကြည့်ရာ လူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓါတ်သတ္တုတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။
ဒီနှစ်ဖေဖော်ဝါရီလ ၂၂ ရက်မှာ ထုတ်ပြန်လိုက်တဲ့ Myanmar Resource Watch (MRW) ရဲ့ “ဧရာဝတီမြစ်ဝှမ်းတလျှောက် ရေအရည်အသွေး ဆန်းစစ်လေ့လာခြင်း” ဆိုတဲ့ စာတမ်းမှာ လေ့လာတွေ့ရှိချက်တွေနဲ့ ကိုးကားဖော်ပြထားပါတယ်။
ဧရာဝတီမြစ်ရေမှာ ဓါတ်သတ္တူတွေ ပါဝင်နှုန်းကို စစ်ဆေးဖို့ ဧရာဝတီမြစ်တလျှောက် ဧရာဝတီမြစ်ရေး စီးဆင်တဲ့ မြို့တွေက ရေနမူနာ ၁၈ ခု၊ ဧရာဝတီမြစ်အတွင်း လက်ဝဲဘက်နဲ့ လက်ယာဘက်မှ စီးဆင်းတဲ့ မြစ်၊ ချောင်းတွေရှိတဲ့ နေရာက ရေနမူနာ ၁၈ ခု စုစုပေါင်း ရေနမူနာ ၃၆ ခုကို ကောက်ယူပြီး ဆောင်ရွက်ခဲ့တယ်လို့ MRW က ဆိုပါတယ်။
ဧရာဝတီမြစ်တလျောက်ရှိ ရေမှာ ပြဒါး၊ ခဲ၊ မန်းဂနိစ် နဲ့ ကဒ်မီယမ် မြင့်မားစွာ ပါဝင်နေခြင်းဟာ လူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို သိသိသာသာထိခိုက်စေနိုင်သလို ဂေဟစနစ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်တယ်လို့ ရေအရည်အသွေးစမ်းသပ်စစ်ဆေးတွေ့ရှိချက်တွေနဲ့အတူ MRW က ထုတ်ပြန်ပါတယ်။
စံသတ်မှတ်နှုန်းထက် ကျော်လွန်တဲ့ ဓါတ်သတ္တုအမျိုးအစားအလိုက် ဧရာဝတီမြစ်တလျှောက် တွေ့ရှိရတဲ့ နေရာတွေမှာ ကက်ဒမီဓါတ်ကို မြစ်ဆုံ၊ မြစေတီ၊ ကျွန်းကြီး၊ တကောင်း၊ ကျောက်မြောက်၊ မန္တလေး၊ ချောက်နဲ့ ဒေါင့်ကြီး စုစုပေါင်း ၈ နေရာမှာ အခြားမြို့များထက် ပါဝင်မှု များနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ခဲ၊ ပြဒါးနဲ့ မဂ္ဂနီးခ် စတဲ့ သတ္တူပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ်ကို အဆိပ်သင့်ပြီး အာရုံကြောဆိုင်ရာ ချို့ယွင်းမှု၊ ကျောက်ကပ်ပျက်စီးမှု၊ ဖွံ့ဖြိုးမှုဆိုင်ရာ ပြသနာတွေနဲ့ မှတ်ဥာဏ်ဆိုင်ရာ လုပ်ဆောင်မှု ချို့ယွင်းမှုအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ခဲဓါတ်ကို နောင်ချိန်း၊ ကျွန်းကြီး၊ ကသာ၊ မန္တလေး၊ ချောက်၊ ဒေါင့်ကြီး၊ ဓနုဖြူနဲ့ ညောင်တုန်း စတဲ့ နေရာ ၈ ခုမှာ အခြားစစ်ဆေးတဲ့ နေရာများထက် မြင့်တက်နေတယ်လို့ဆိုပါတယ်။

မဂ္ဂနီးစ်ဓါတ်ကို ကဒက်ကျွန်း၊ နောင်ချိန်း၊ ကျောက်မြောင်း၊ ပြည်၊ ဒေါင့်ကြီး၊ ဓနုဖြူ၊ ညောင်တုန်း၊ ချောင်းကြီး စတဲ့ စုစုပေါင်း ၈ နေရာမှာ ပါဝင်မှု မြင့်တက်နေပြီး မာကျူရီဓါတ်ကို မြစ်ဆုံ၊ ကဒက်ကျွန်း၊ မြစေတီ၊ ကျွန်းကြီး၊ မန္တလေး၊ ချောက်၊ မင်းဘူး၊ ဒေါင့်ကြီး၊ ဓနုဖြူနဲ့ ချောင်းကြီး စတဲ့ ၁၀ နေရာမှာ အခြားစစ်ဆေးတဲ့ နေရာတွေထက် မြင့်မားနေတယ်လို့ ဆိုပါတယ်။
ဓါတ်သတ္တုတွေ အလွန်အကျွံ ရှိနေခြင်းဟာ ရေနေဂေဟစနစ်ကို ထိခိုက်စေနိုင်ပြီး ရေအရည်အသွေးကို ထိန်းသိမ်းဖို့နဲ့ အောက်ဆီဂျင်ပေးနိုင်ဖို့ မရှိမဖြစ်တဲ့ ရေနေအပင်တွေ၊ ရေညှိတွေနဲ့ အပင်မျှောလေးတွေရဲ့ ကြီးထွားမှုကို ထိခိုက်စေနိုင်ပါတယ်။
အချို့မျိုးစိတ်တွေဟာ အခြားမျိုးစိတ်တွေထက် ပိုမိုထိခိုက်လွယ်တာကြောင့် ဇိဝမျိုးစုံမျိုးကွဲတွေ လျော့နည်းသွားစေပြီး ဧရာဝတီမြစ် ဂေဟစနစ် တခုလုံးကို အပြောင်းအလဲဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
ကချင်၊ ချီဖွေမြို့နယ်ထဲက ၂ နေရာကို စစ်ဆေးကြည့်ရာ ချီဖွေရေအားလျှပ်စစ်ထုတ်လုပ်တဲ့ နေရာမှာ ခဲ၊ မာကျူရီ၊ ကက်ဒမီယမ်နဲ့ မဂ္ဂနိစ် ပါဝင်မှုမှာ အခြားနေရာတွေထက် ရေအရည်အသွေး သိသာစွာ ဆိုးရွာနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကန့်အသတ်မဲ့ ရွှေတူးဖော်မှုလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လာနေကြပြီး အထူးသဖြင့် မြစ်ချောင်းဘေး၊ မြစ်နဲ့ ချောင်းတွေအတွင်း အဓိက တူဖော်ဆောင်ရွက်လာနေတယ်လို့ အဲဒီစာတမ်းမှာ ဖော်ပြထားပါတယ်။
မြစ်နဲ့ ချောင်းတွေအတွင်း ရွှေကို စတင်ထုတ်လုပ်ခြင်းမှ ရွှေသန့်စင်ခြင်းအထိ အဲဒီမြစ်နဲ့ ချောင်းတွေအတွင်းမှာသာ ဆောင်ရွက်လုပ်ကိုင်နေကြတယ်လို့ MRW က စုံစမ်းတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒီလိုတူးဖော်မှုတွေကြောင့် မြစ်ရေတွေ နောက်ကျလာမှုအပြင် ရွှေသန့်စင်ခြင်းကြောင့် ဓါတ်သတ္တုတွေ မြစ်နဲ့ ချောင်းတွေအတွင်း စီးဝင်နေတယ်လို့ ဆိုပါတယ်။
ဧရာဝတီမြစ်အတွင်း ဓါတ်သတ္တုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ဒေသအာဏာပိုင်တွေ၊ ဒေသများရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အလျင်အမြန်လိုအပ်နေတယ်လို့ သိရပါတယ်။