ဟိမဝန္တာတောင်းတန်းမှာ ရှိတဲ့ အခြားရေခဲမြစ်တွေထက် ဧရာဝတီမြစ်အထက်ပိုင်းရှိ ရေခဲမြစ်တွေဟာ ထုထည်နဲ့ ဧရိယာ သေးငယ်မှုကြောင့် ပိုမိုမြန်ဆန်စွာ လျော့နည်းလျက်ရှိတယ်လို့ အာဏာသိမ်းစစ်ကောင်စီခေါင်းက ပြောပါတယ်။

ကမ္ဘာ့ရေနေ့ကို မတ်လ ၂၂ ရက်က နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန – ၂ မှာ စစ်ကောင်စီက ပြုလုပ်ခဲ့ရာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

ရာသီဥတု ပြောင်းလဲလာပြီး အပူချိန် မြင့်တင်လာမှုက ရေခဲမြစ်တွေရဲ့ အရည်ပျော်ဝင်မှုကို မြန်ဆန်စေပြီး ရေခဲမြစ်တွေရဲ့ ထုထည်ကို လျော့နည်းလာစေတာဖြစ်တယ်လို့ ဆိုပါတယ်။

၂၁၀၀ ပြည့်နှစ်မှာ မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်ရဲ့ ပျှမ်းမျှအပူချိန်ဟာ ၂.၅ ဒီဂရီစင်တီဂရိတ် မြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းထားကြပြီး ဒီလိုအခြေအနေက ဧရာဝတီမြစ် အထက်ပိုင်းမှာ ရှိတဲ့ ရေခဲမြစ်တွေ လုံးဝပျောက်ကွယ်နိုင်တယ်လို့ သိရပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ အနာဂါတ်ရေချို အရင်းအမြစ်တွေ တည်ရှိမှုကို ခြိမ်းခြောက်လာနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဧရာဝတီမြစ် ရေစီးကြောင်းအပေါ် ရေခဲမြစ်တွေရဲ့ သက်ရောက်မှုတွေကို တိတိကျကျ လေ့လာနိုင်ဖို့ ရေဆိုင်ရာ အချက်အလက်တွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်နဲ့ သံလွင်မြစ်တို့ရဲ့ မြစ်ဖျားမှ စတင်ပြီး ပင်လယ်ထဲသို့ ရောက်တဲ့အထိ ရေစီးနှုန်းတိုင်းတာဖို့ နဲ့ ရေလမ်းကြောင်းအခြေအနေ အပါအဝင် ရေအရင်းအမြစ် ပမာဏကို စူးစမ်းလေ့လာ ဆောင်ရွက်နိုင်ဖို့အတွက် ရေအား အရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့ကို ၂၀၂၂ မတ်လ ၇ ရက်ကတည်းက ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တို့ရဲ့ လူတို့ရဲ့ လုပ်ဆောင်ချက်ကြောင့် သောင်ပို့မှုတွေ များပြားလာပြီး မြစ်ကြောင်းတွေ ထိန်းသိမ်းရေးဟာ အရေးကြီးတဲ့ အခြေအနေရှိနေကာ ဆောလျင်စွာ ဖြေရှင်းဖို့ လိုအပ်တယ်လို့ စစ်အုပ်စု ခေါင်းဆောင်က ပြောပါတယ်။

အဓိက မြစ်တွေနဲ့ အဲဒီမြစ်အတွင်း စီးဝင်တဲ့ မြစ်၊ ချောင်းတွေ ဘေးဝဲယာက သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ လုပ်ငန်းတွေကို ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ကြပ်မတ်ဖို့ လိုတယ်လို့ ဆိုပါတယ်။