နှစ်စဉ် ဇူလိုလ တစ်လလုံးကို ကော်သူးလေ စုပေါင်းသစ်ပင်စိုက်လအဖြစ် သတ်မှတ်ပြီး ကျင်းပလာခဲ့ရာ မိမိတို့ နယ်မြေမှာ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍ စီစဉ်ဆောင်ရွက်ကြဖို့ ကေအဲန်ယူ- ဗဟိုက တိုက်တွန်းပါတယ်။

ကော်သူးလေစုပေါင်းသစ်ပင်စိုက်လကို ကျင်းပလာခဲ့ရာ အခုနှစ်မှာ ၈ နှစ်တိုင် ရှိလာပြီး ဒီနှစ်ရဲ့ ကော်သူးလေ စုပေါင်းသစ်ပင်စိုက်လပွဲသို့ ပေးပို့တဲ့ ကေအဲန်ယူ- ဗဟို၊ သစ်တောဌာန တာဝန်ခံရဲ့ တိုက်တွန်းနိုးဆော်စာမှာ အခုလို ပြောဆိုတာဖြစ်ပါတယ်။

သစ်ပင်စိုက်လရောက်ရှိတိုင်း နယ်မြေတာဝန်ရှိသူတွေနဲ့ ဒေသခံလူထုကြား စုပေါင်းသစ်ပင်စိုက်မှုဟာ အပင်အမျိုးအမည်၊ အပင်အရေအတွက်၊ ဧကအကျယ်အဝန်းတို့မှာ တနှစ်ထက် တနှစ် အားရဖွယ်ကောင်းတယ်လို့ KUN က ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားတွေရဲ့ ဓလေထုံးတမ်း ယုံကြည်သက်ဝင်မှု၊ ရိုးရာယဉ်ကျေးမှု၊ အသက်မွေးဝမ်းကြောင်းမှု၊ ဘဝလုံခြုံမှုတို့ဟာ သဘာဝသစ်တောကြီးတွေနဲ့ ခွဲခြားလို့ မရဘဲ ဆက်စပ်နေတဲ့အတွက် သစ်တောကို ထိခိုက်နိုင်တဲ့ ကိစ္စရပ်တွေကို အထူးရှောင်ကျဉ်ကြဖို့ ကိုယ်ပိုင်အသိနဲ့ စုပေါင်းထိန်းသိမ်းကာကွယ်ကြဖို့ KNU – ဗဟိုက တိုက်တွန်းပါတယ်။

ကရင်သစ်တောကြီးတွေဟာ တခြားဒေသတွေနဲ့ နှိုင်းယှဉ်ရင် အတော်အတန် ကောင်းမွန်နေပေမယ့်လည်း ဒီနေ့ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ ဒေသက သဘာဝသစ်တောကြီးတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုမိုပြုန်းတီးလာနေတယ်လို့ ဆိုပါတယ်။

ဒီလို သဘာဝသစ်တောကြီးတွေ တဖြည်းဖြည်း ပြုန်းတီးလာမှုကြောင့် တစ်နှစ်ထက် တစ်နှက် ရာသီဥတု ပြောင်းလဲမှုဖြစ်ပေါ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတို့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ထိခိုက်လာနေတယ်လို့ ကေအဲန်ယူ- ဗဟိုက သတိပေးထုတ်ပြန်ပါတယ်။

ဒါကြောင့် သစ်တောသစ်ပင် ပြန်လည်တိုးပွားလာရေး၊ သဘာဝသစ်တောကြီးတွေ ထိန်းသိမ်းကာကွယ်ရေးအပါအဝင် ဥတုရာသီပြောင်းလဲမှု လျှော့ချရေးဟာ ဒီနေ့ကာလရဲ့ ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ပြီး အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်စဉ် ဇူလိုင်လ ၁ ရက်မှစတင်လို့ ကေအဲန်ယူ − ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေရှိ ခရိုင်အသီးသီးမှာ သစ်ပင်စိုက်ပျိုးခြင်း ပွဲအခမ်းအနားတွေ ပြုလုပ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – KNU