
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒကို ပြုပြဌာန်းနိုင်ရေးအတွက် ပြည်သူလူထုရဲ့ အကြံပြုချက်တွေ ရယူမှတ်သားပြီ အတည်ပြု ဆောင်ရွက် သွားမယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၂၆ ရက်မှာ ကြေညာပါတယ်။
ဇွန်လ ၁၂ ရက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအစည်းအဝေးမှာ သစ်တောဌာနရဲ့ သစ်တောမူဝါဒ (မူကြမ်း)ကို ချပြခဲ့ပြီး မြို့နယ် ပအဖတာဝန်ရှိသူတွေ၊ CDF – မင်းတပ် တာဝန်ရှိသူတွေနဲ့ မြို့/တိုက်နယ်က အုပ်ချုပ်ရေးမှူးတွေက အဆိုပါမူကြမ်းကို ဝိုင်းဝန်းဆွေးနွေး ဖြည့်စွက်ကာ အတည်ပြုထားပြီဖြစ်တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ အတည်ပြုထားတဲ့ သစ်တောမူဝါဒ (မူကြမ်း)ကို သစ်တောဌာနက မြို့/တိုက်နယ်အဆင့်ထိ နယ်ဆင်းဟောပြော ချပြဆွေးနွေးကာ လူထုရဲ့ အကြံပြုချက်တွေ ရယူမှတ်ထားပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အစည်းအဝေးမှာ အတည်ပြုပြဌာန်းမယ်လို့ ဆိုပါတယ်။
မင်းတပ်မြို့နယ်ထဲက ပြည်သူတွေအနေနဲ့ အဆိုပါသစ်တောမူဝါဒ (မူကြမ်း)ကို ဖတ်ရှုပြီး မင်းတပ်-ပအဖရုံးသို့ ဖြစ်စေ၊ မင်းတပ်-ပအဖရဲ့ ဖေ့ဘွတ်စာမျက်နှာသို့ ဖြစ်စေ ဆွေးနွေးအကြံပြုချက်တွေ ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – Hkl Mindat