
ကချင်ပြည်နယ်ထဲက မြေရှားသတ္တုတွေကို တရုတ်-မြန်မာ နယ်စပ်ဂိတ် ၅ ခုကနေ တရုတ်နိုင်ငံကို တင်ပို့နေပြီး ချီဖွေမြို့နယ်ထဲက မြေရှားသတ္တုလုပ်ကွက်တွေဟာ ဧရာဝတီမြစ်ကြီးအပါအဝင် မြစ်၊ ချောင်းတွေကို အန္တရာယ်ပြုနေတယ်လို့ ISP – မြန်မာက ဇွန်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ချီဖွေမြို့နယ်မှာ တူးဖော်ရရှိနေတဲ့ မြေရှားသတ္တုတွေကို ပန်ဝါ၊ ဖီမော်၊ ကန်ဖန်ဂိတ်တွေနဲ့ ကန်ပိုက်တီကုန်သွယ်ရေး စခန်းမှတဆင့် တရုတ်နိုင်ငံ ထိန်ချုံးဒေသကို တင်ပို့နေတယ်လို့ ISP – မြန်မာက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထိ ရရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီး ထုတ်ပြန်ပါတယ်။
မိုးမောက်မြို့နယ်ထဲရှိ မြေရှားလုပ်ကွက်တွေက မြေရှားသတ္တုတွေကို မိုင်းဂျာယန်ဂိတ်မှတဆင့် တရုတ်နိုင်ငံ၊ လုံချွမ်းနဲ့ ယင်ကျန်းမြို့တွေကို ပို့ဆောင်တယ်လို့ ဆိုပါတယ်။
မြေရှားသတ္တုတွေကို တရားဝင်လမ်းကြောင်း နဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကနေ တရုတ်နိုင်ငံသို့ ပို့ဆောင်ပြီး ဒီလို ပို့ဆောင်မှုတွေကို နိုင်ငံတော်အဆင့် တရားဝင်အခွန်ဝင်ငွေမှာ မှတ်တမ်းတင်ထားခြင်း မရှိကြဘူးလို့ ဆိုပါတယ်။

တဖက်မှာ ချီဖွေမြို့နယ်ထဲ မြေရှားသတ္တုလုပ်ကွက်တွေ တိုးချဲ့လာမှုကြောင့် မြန်မာရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ထဲသို့ စီးဝင်တဲ့ မေခမြစ်အပါအဝင် အခြားမြစ်ချောင်းတွေ အန္တရာယ်ကြုံတွေ့နေရတယ်လို့ ISP – မြန်မာက ထုတ်ပြန်ပါတယ်။
ချီဖွေနဲ့ မိုးမောက်မြို့နယ်ထဲက မြေရှားလုပ်ကွက်တွေဟာ ဒေသအတွက် အရေးပါတဲ့ မြစ်ချောင်းတွေကနေ ၁၀ မိုင်နဲ့ ၁၅ မိုင်ဝန်းကျင်သာ ကွာဝေးကြတယ်လို့ သိရပါတယ်။
ချီဖွေချောင်းဟာ ညစ်ညမ်းမှုတွေ ဆိုးရွာလာပြီး အနံ့ဆိုးတွေ ထွက်ပေါ်နေသလို ငါးတွေ သေဆုံးမှု ရှိနေကြောင်း၊ ချောင်းအတွင်း ကျောက်ဆောင်တွေဟာလည်း တိုက်စားခံနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြေရှားလုပ်ကွက်တွေက စွန့်ပစ်တဲ့ ဓါတုပစ္စည်းတွေ နမ့်ဖက်ချောင်းထဲ စိမ့်ဝင်နေတာကြောင့် ဒေသခံတွေ အရေပြားရောဂါ ခံစားနေရတယ်လို့ သိရပါတယ်။
ချီဖွေနဲ့ မိုးမောက်မြို့နယ်ထဲ မြေရှားသတ္တုတူးဖော်နေတဲ့ လုပ်ကွက်ပေါင်း ၃၇၀ ထက်မနည်းနဲ့ သတ္တုပျော်ရည်ကန် ၂၇၀၀ ထက်မနည်း ရှိတယ်လို့ ISP – မြန်မာက ၎င်းရဲ့ သုတေသနပြု လေ့လာတွေ့ရှိချက်ကို ဒီနှစ် မေလထဲမှာ ထုတ်ပြန်ထားပါတယ်။
အဲဒီထဲက လုပ်ကွက်ပေါင်း ၂၄၀ ကျော် (၆၆ ရာခိုင်နှုန်း)ဟာ စစ်အာဏာသိမ်းပြီး ၄ နှစ်အတွင်း အသစ်တိုးချဲ့မှုဖြစ်ပြီး ဒီလုပ်ကွက်တွေရဲ့ ကျယ်ပြောမှုဟာ စင်ကာပူနိုင်ငံထက် ကြီးမားတယ်လို့ ISP – မြန်မာက ဆိုပါတယ်။
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို မြေရှားသတ္တုတန်ချိန် ၂၉၀,၀၀၀ ကျော် တင်ပို့ခဲ့ပြီး အဲဒီထဲက တန်ချိန် ၁၇ဝ,ဝဝဝ ကျော်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တင်ပို့ခဲ့တဲ့ ပမာဏ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဒေသက မြေရှားသတ္တုတူးဖော်မှုတွေမှာလည်း တရုတ်နိုင်ငံက ပါဝင်ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။
ကမ္ဘာတဝန်း မြေရှားသတ္တုထုတ်လုပ်မှုရဲ့ ၉ဝ ရာခိုင်နှုန်းနီးပါးကို တရုတ်နိုင်ငံက ထိန်းချုပ်ရောင်းဝယ်နေပြီး တူးဖော်မှုအများစုကို မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ နှစ်အတန်ကြာကတည်းက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဓါတ်ပုံများ – ISP – Myanmar