
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့အတူ ရပ်ဝန်းနဲ့ ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားဖို့ အသင့်ရှိတယ်ဆိုပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြောလိုက်ပါတယ်။
ဒီနေ့ ၂၀၂၅ ဇွန်လ ၈ ရက်မှာ ကျရောက်တဲ့ မြန်မာ- တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၇၅ နှစ်မြောက်နေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ အပြန်အလှန် သဝဏ်လွှာတွေ ပေးပိုကြရင် တရုတ်သမ္မတက ပြောဆိုလာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ၂၀၂၁ အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း၊ ၄ နှစ်ကျော်လာချိန်မှာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ်ပတ်လည်နေ့ တရားဝင် သဝဏ်လွှာပေးပို့မှုတွေကနေ ပြောဆိုလာတာဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုင်းအဝန်း တည်ထောင်သွားဖို့ ၊ နှစ်နိုင်ငံ ပြည်သူတွေ ပိုမိုကောင်းမွန်တဲ့ အကျိုးစီးပွားတွေကို အတူတကွ လုပ်ဆောင်ဖို့ အသင့်ရှိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လုံခြုံရေးစီမံချက်တွေကိုလည်း အတူလုပ်ဆောင်ဖို့ အသင့်ရှိတယ်လို့ တရုတ်သမ္မတက ပြောပါတယ်။
နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေထဲ ရပ်ဝန်းနဲ့ မိုးလမ်းစီမံကိန်းအောက်က တရုတ်- မြန်မာစီးပွားရေး စင်္ကြံမဟာဗျူဟာမြောက်စီမံကိန်းတွေကို အကောင်အထည်ဖော်နေမှုက များစွာကျေနပ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း တရုတ်သမ္မတထံ ပြန်လည်ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုပါတယ်။
တရုတ်နိုင်ငံက အခိုင်အမာထောက်ခံ ပံ့ပိုးပေးထားမှုတွေကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင်ရှိတယ်လို့ အာဏာသိမ်းခေါင်းဆောင်က အဲဒီသဏဝဏ်လွှာထဲမှာ ထည့်သွင်းပြောပါတယ်။
နှစ်နိုင်ငံကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရေးနဲ့ နောက်လာမယ့် ဆယ်စုနှစ်တွေအထိ အပြန်အလှန် အကျိုးရှိမယ့် မိတ်ဖက်ဆက်ဆံရေး ကဏ္ဍသစ်ကို ဖော်ထုတ်နိုင်ရေးအတွက် တရုတ်နိုင်ငံနဲ့ အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က တရုတ်သမ္မတကို ပြောပါတယ်။