
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့နယ်က ပြည်ထောင်စု အထူးသယံဇာတအဖွဲ့ကို စစ်ဆေးဖို့ လိုအပ်လာတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က အတည်ပြုပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်က ပြည်ထောင်စု အထူးသယံဇာတအဖွဲ့မှ တာဝန်ရှိသူတွေကို ဇွန်လ ၃ ရက်က ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အကူအညီနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ပြီး အမှုနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။
“ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဌာနကို တိုင်စာတွေ၊ အစီရင်ခံစာတွေအရ စစ်ဆေးမေးမြန်းဖို့ လိုအပ်လာတဲ့အတွက်ကြောင့် ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ရဲတပ်ဖွဲ့အနေနဲ့ ထိန်းသိမ်းဖို့ အခက်အခဲ ရှိတာကြောင့် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပေါင်းစပ်ပြီးတော့ ၊ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အကူအညီနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ်။ တာဝန်ရှိသူတွေကို ဖမ်းဆီးထားပြီး ဖြစ်သလို အမှုကိစ္စနဲ့ စပ်ဆိုင်တဲ့ ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တာ ရှိပါတယ်” လို့ NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြောပါတယ်။
အဆိုပါအမှုနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေကိုတော့ လတ်တလောမှာ ပြောဆိုလို့ မရသေးဘူးလို့ သူက ပြောပါတယ်။
ဗန်းမောက်အထူးသယံဇာတအဖွဲ့ကို အဂတိလိုက်စားမှုအပါအဝင် အလွဲသုံးစားမှုတွေ ပြုနေတဲ့အတွက် NUG အစိုးရ၊ ကာကွယ်ရေးဌာနက စီးနင်းဖမ်းဆီးတယ်လို့ People’s Spring က ရေးသားပါတယ်။
ဗန်းမောက်အထူးသယံဇာတအဖွဲ့ကနေ ရွှေချောင်းအချို့၊ ငွေကျပ်သိန်း တစ်သောင်းခြောက်ထောင်ကျော် သိမ်းဆည်းရမိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဗန်းမောက်မြို့နယ်ထဲမှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေသာမက ရွှေဖြူ၊ ခဲ၊ ဘော်၊ သံရိုင်း၊ ကြေး စတဲ့ သတ္တုတွေလည်း ထွက်ရှိပြီး NUG အစိုးရရဲ့ သယံဇာတဝန်ကြီးဌာနက စီမံခန့်ခွဲတယ်လို့ သိရပါတယ်။
NUG အစိုးရဟာ ပြည်ထောင်စုအဆင့်သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ကို ဝန်ကြီးချုပ်က ဥက္ကဌအဖြစ် ဦးဆောင် ဖွဲ့စည်းပြီး မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် အထူးသယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ကို ဖွဲ့စည်းလို့ သယံဇာတတူးဖော်မှုတွေကို ကြီးကြပ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – CJ