
ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းကြားက မြန်အောင်မြို့နယ်ထဲက မြန်အောင်ရေနံမြေမှာ ရေနံတူးဖော်မှု တိုးမြင့် ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာကဥ္စနာကုမ္ပဏီ လီမိတက်နဲ့ စစ်ကောင်စီ၊ စွမ်းအင်ဝန်ကြီးဌာနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ထဲက ကုန်းတွင်းရေနံလုပ်ကွက် IOR – 6 ဧရိယာ ၂ မှာ ရေနံအထွက်တိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ နဲ့ တိုးတက်ထွက်ရှိလာတဲ့ ရေနံထုတ်လုပ်မှုအပေါ် အကျိုးအမြတ် ခွဲဝေခံစားတဲ့ စာချုပ်လက်မှတ်ထိုးမှုကို မနေ့က ဇွန်လ ၄ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့ကြပါတယ်။
အခု ခွင့်ပြုလိုက်တဲ့ မြန်အောင်ရေနံမြေဟာ ပြည်အနည်ကျ ချိုင့်ဝှမ်းထဲ ပါဝင်ပြီး ရေနံအထွက်ကောင်းမှု အစဉ်အလာ ရှိတဲ့ ရေနံမြေတခုဖြစ်တယ်လို့ စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။
အဲဒီရေနံမြေကနေ ရေနံစိမ်းတွေ တိုးတက် ရရှိဖို့ မျှော်မှန်းပြီး စက်သုံးဆီတွေ ချက်လုပ်ရာမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

မြန်အောင်ဒေသက IOR – 6 လုပ်ကွက်ဟာ စစ်ကောင်စီက ဒုတိယအကြိမ်မြောက် ခွင့်ပြုပေးခဲ့တဲ့ ကုန်းတွင်းရေးနံလုပ်ကွက်ဖြစ်တယ်လို့ သိရပါတယ်။
ပထမကွက်လုပ်ကို တိုင်းရင်းသားပိုင် ရေနံကုမ္ပဏီ တခုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းက ခွင့်ပြုပေးခဲ့ပြီး လက်ရှိမှာ သဘာဝဓါတ်ငွေတွေ တူးဖော်ထုတ်လုပ်နေနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
မြန်မာကဥ္စနာကုမ္ပဏီ လီမိတက် (Myanmar Kinsanar Co., Ltd)ဟာ နိုင်ငံသားပိုင် ရေနံကုမ္ပဏီတခုဖြစ်တယ်လို့ သိရပြီး ရေနံထုတ်လုပ်မှုအပေါ် အကျိုးအမြတ်ခွဲဝေမှုနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန်ခြင်း မရှိကြပါဘူး။
စစ်ကောင်စီဟာ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍအတွက် ရေနံနဲ့ သဘာဝ ဓါတ်ငွေ့တွေ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံလိုသူ ပြည်တွင်း လုပ်ငန်းရှင်တွေ၊ သမဝါယမအသင်းအဖွဲ့တွေကို စွမ်းအင်ဝန်ကြီးဌာနက ဦးစီးလုပ်ကိုင်နေတဲ့ ကုန်းတွင်းလုပ်ကွက်တွေအနက် ၁၀ ကွက်မှာ ခေတ်မီနည်းပညာတွေ အသုံးပြုပြီး ဆောင်ရွက်ခွင့် ရရှိရေး လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။