မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့မှုကြောင့် လက်ရှိ နိုင်ငံတဝန်းမှာ လျှပ်စစ်ဓါတ်အားဖူလုံမှု မရှိဖြစ်နေရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလာပါတယ်။

စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို နေပြည်တော်မှာ ကျင်းပခဲ့ရာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မြစ်ဆုံ စီမံကိန်း”နဲ့ ပတ်သက်လို့ ထည့်သွင်းပြောဆိုလာတာဖြစ်ပါတယ်။

လျှပ်စစ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ လိုအပ်ချက် ပြည့်မီမှု မရှိသေးကြောင်း၊ လျှပ်စစ်ဓါတ်အား ဖူလုံစွာ ရရှိရေးအတွက် လျှပ်စစ်ဓါတ်အား ပေးစီမံကိန်းတွေကို အရင်ကာလတွေကတည်းကပင် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ဒါပေမယ့် အဲဒီရှိရင်းစွဲ လျှပ်စစ်ဓါတ်အားပေးစီမံကိန်းတွေကို အကြောင်းအမျိုးမျိုးကြောင့် ဆက်လက် အကောင်အထည် ဆောင်ရွက်နိုင်မှု မရှိခဲ့ခြင်းကြောင့် လျှပ်စစ် ဓါတ်အားဖူလုံမှု မရှိခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

“ထင်ရှားသည့် ဥပမာတစ်ခုကို ပြမည်ဆိုပါက မြစ်ဆုံရေးအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်းခဲ့ရမှု မရှိပါက မဂ္ဂါဝပ် ၆၀၀၀ ရရှိမည်ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သည့် လျှပ်စစ်ဓါတ်အားပေး စက်ရုံးများနှင့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းတို့ ပေါင်းစပ်လိုက်မည်ဆိုပါက လျှပ်စစ်ဓါတ်အား လိုအပ်ချက် ပြည့်မီရုံသာ မက ကျော်လွန်သည့်အနေအထားသို့ပင် ရောက်ရှိနိုင်မည်” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီး ၄ နှစ်ကျော်လာချိန်မှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ထပ်မံ ပြောဆိုလာခြင်းဖြစ်ပြီး လက်ရှိမှာ နိုင်ငံတဝန်း လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ ပိုမိုဆိုးဝါးလာနေကာ၊ စစ်မှုဇုန်နှင့် မြို့တွေမှာ လျှပ်စစ်မီးကို အချိန်ပိုင်းသာ အလှည့်ကျပေးနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

၂၀၀၉ ခုနှစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စစ်အစိုးရလက်ထက်မှာ မြစ်ဆုံစီမံကိန်းကို တရုတ်နိုင်ငံပိုင်ကုမ္ပဏီ ၊ Asia Word ကုမ္ပဏီတို့နဲ့ ပူးပေါင်းလို့ စတင်ဖော်ဆောင်ခဲ့ပေမယ့် ၂၀၁၁ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အဲဒီစီမံကိန်းကို ဆန္ဒပြ ကန့်ကွက်မှုတွေကြောင့် ရပ်တန့်ထားခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် တကျော့ပြန် အာဏာသိမ်းပြီးနောက် ၂၀၂၄ ဧပြီလထဲမှာ စစ်ကောင်စီဟာ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်နိုင်ဖို့အတွက် ဧရာဝတီမြစ်ဆုံ-မြစ်ညာ ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းတယ်လို့ ကြေညာထားပါတယ်။