
ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မြင်းမထိတောင်ဒေသ အကြီးစားခဲသတ္တု တူးဖော်ရေးစီမံကိန်း ရပ်ဆိုင်းရေး ဦးဆောင်ဆန္ဒပြတောင်းဆိုနေမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင် ၄ ဦးဟာ ဒီနေ့မှာ ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ဒီနေ့ မေလ ၂၀ ရက် ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီနဲ့ ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီတို့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ပြီး လေးပွင့်ကြယ်ကုမ္ပဏီ လုံခြုံရေး ကင်းတပ်ရဲဘော်တွေက ဖမ်းဆီးထိန်းသိမ်းထားရာမှ ပြန်လွတ်ပေးလိုက်တာဖြစ်တယ်လို့ ပရာဒေါင်းဆွေမျိုးစုက ကြေညာပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၆ ရက်က ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင်ရဲ့ သား ဦးဒါးဝီနဲ့ အဖွဲ့က ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်းအောင်နိုင်စိုး၊ ဒု-ဥက္ကဌ ဦးဘမောင်၊ လူငယ်အတွင်းရေးမှူး ခွန်ခိုင်မင်းနိုင်နဲ့ နာယက ဦးအားဒိုတို့ကို သိကျိတ်ကျေးရွာရှိ ကယန်အမျိုးသား ခေါင်းဆောင်ကြီး ငိန်းကယန်းထန် (ခ) ဦးရွှေအေး နေအိမ်မှာ လက်ထိပ်ခတ် ဖမ်းဆီးသွားတယ်လို့ ကရင်နီ ဒေသတွင်း သတင်းဌာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ ဆွေမျိုးစု ခေါင်းဆောင် ၄ ဦးကို ဒေသခံပြည်သူလူထုက သွားရောက်လို့ ဝမ်းမြောက်ဝမ်းသာစွာနဲ့ ကြိုဆိုခဲ့ကြတယ်လို့ ပရာဒေါင်းဆွေမျိုးစုက ဆိုပါတယ်။
လေးပွင့်ကြယ်ကုမ္ပဏီက မြင်းမထိတောင်မှာ အကြီးစားသတ္တု တူးဖော်မှုနဲ့ ပတ်သက်လို့ ဒေသခံပရာဒေါင်းဆွေမျိုးစုနဲ့ ညှိနှိုင်းတိုင်ပင်မှု မရှိဘဲ တရုတ်နိုင်ငံ၊ မာစတာဝမ်းကုမ္ပဏီနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုထားပြီး လုပ်ငန်းတွေ စတင်အကောင်အထည်ဖော်နေတဲ့အတွက် ပရာဒေါင်းဆွေမျိုးစုက ကန့်ကွက်ဆန္ဒပြမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဓါတ်ပုံများ – ပရာဒေါင်းဆွေမျိုးစု