
ချင်းမိုင်ခရိုင် မယ်အိုင်းဒေသနဲ့ မျက်နှာချင်းဆိုင် ထိုင်းနယ်စပ်မြောက်ပိုင်းမှ ၂၅ ကီလို မီတာသာ ကွာဝေးတဲ့ ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့ တောင်ဘက် မိုင်းယွန်းဒေသမှာ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA က မြေရှားသတ္တုတွေ တူးဖော်နေတယ်လို့ ဂြိုလ်တုဓာတ်ပုံတွေနဲ့အတူ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် -SHRF က ကြေညာပါတယ်။
ဂြိုလ်တုဓါတ်ပုံတွေအရ မြေရှားသတ္တုတွင်း (၂) တည်ရှိရာ မိုင်းယွန်းဒေသဟာ မြန်မာစစ်ကောင်စီနဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA တို့ ပူးပေါင်းထိန်းချုပ်ရာ ဒေသဖြစ်တယ်လို့ SHRF က မနေ့က မေလ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဂြိုလ်တုဓာတ်ပုံမှတ်တမ်းပုံဟောင်းတွေအရ နမ့်ခုတ်မြစ်အရှေ့ ဘက်မှ ၄ ကီလိုမီတာကွာ၀ေးတဲ့ အဆိုပါမြေရှား သတ္တုတွင်းမှာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး နမ့်ခုတ်မြစ်မှ ၂ ကီလိုမီတာ ကွာဝေးတဲ့ မြေရှားသတ္တုတွင်းမှာမူ ၂၀၂၄ နှစ်လယ်ပိုင်းမှာ စတင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အခုချိန်မှာ မီဒီယာအများစုက မိုင်းယောင်းဒေသရှိ နမ့်ခုတ်မြစ်တစ်လျှောက်ရှိ တူးဖော်နေတဲ့ ရွှေတွင်းတွေကိုသာ အဓိကထားအာရုံစိုက် ဖော်ပြနေပြီး အဆိုပါရွှေတွင်းနေရာတွေရဲ့ ဂြိုလ်တု ဓာတ်ပုံတွေက လက်ရှိမှာ မြေရှားသတ္တုတွင်းတွေလို့ ယူဆရတဲ့ သတ္တုတွင်းတွေရဲ့ ပုံသဏ္ဍာန်နဲ့ ကွာခြားတယ်လို့ SHRF က ထုတ်ပြန်ပါတယ်။

နမ့်ဆိုင်မြစ်တစ်လျှောက်ရှိ စွန့်ပစ်ရေကန်အသုံးပြု၍ ထုတ်ယူတဲ့ ရွှေတွင်းတွေရဲ့ ဂြိုလ်တုဓာတ်ပုံတွေနဲ့လည်း ကွာခြားတယ်လို့ ဆိုပါတယ်။
မြေရှားသတ္တုတူးဖော်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နယ်စပ်ဖြတ်ကျော်သက်ရောက်မှုတွေက နယ်စပ် နှစ်ဘက် ၂ နိုင်ငံလုံးရှိ တာ၀န်ရှိသူတွေမှ အဆောတလျင်စုံစမ်းရန် လိုအပ်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် -SHRF က တောင်းဆိုပါတယ်။
ဒါ့အပြင် သတ္တုတူးဖော်မှုနဲ့ ပတ်သက်နေတဲ့ အချက်အလက်တွေအားလုံးကို အများပြည်သူသိရှိစေရန် ထုတ်ဖော်ပြသရန် လိုအပ်တယ်လို့ SHRF က ပြောပါတယ်။
အဆိုပါ မြေရှား သတ္တုတွင်းတွေကနေ စွန့်ပစ် ပစ္စည်းတွေဟာ နမ့်ခုတ်မြစ် အတွင်းသို့ စီး၀င်တဲ့ ရေအရင်းအမြစ်တွေကို ညစ်ညမ်းစေပြီး နယ်စပ်နှစ်ဘက်လုံးရှိ မြစ်အောက်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံပြည်သူ တစ်သန်းကျော်ရဲ့ ကျန်းမာရေးအတွက် ဆိုးရွားစွာ ထိခိုက် လာမှာကို စိုးရိမ်ဖွယ်ရာဖြစ်နေတယ်လို့ SHRF က သတိပေးထုတ်ပြန်ပါတယ်။
မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်းတွေက နမ့်ခုတ်မြစ်အတွင်းသို့ အဆိပ်တွေ စွန့်ထုတ်နေပြီဖြစ်ရာ ရွှေတွင်း တွေကြောင့် ရှိနေနှင့်ပြီးသားဖြစ်တဲ့ ညစ်ညမ်းမှုတွေထက် ပိုမိုဆိုးရွားနိုင်ကြောင်း၊ ရှမ်းပြည် တောင်ပိုင်းနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နမ့်ခုတ်မြစ်တစ်လျှောက်မှာ နေထိုင်တဲ့ ဒေသခံတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ နမ့်ခုတ်မြစ်က ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ် တာတွန်းရွာ မှတစ်ဆင့် ချင်းရိုင်ခရိုင်ကို ဖြတ်သန်းစီးဆင်းပြီး ချင်းဆန်မြို့နယ်ထဲမှာ မဲခေါင်မြစ်အတွင်းသို့ စီး၀င်တယ်လို့ သိရပါတယ်။

ဂြိုလ်တုဓာတ်ပုံတွေ ဖော်ပြတဲ့ ပုံရိပ်တွေအရ အဆိုပါ သတ္တုတွင်းတွေရဲ့ ပုံသဏ္ဍန်မှာ ကချင်ပြည်ရှိ တရုတ်ကုမ္ပဏီတွေမှ terbium (Tb) နဲ့ dysprosium (Dy) တို့ကို ပမာဏများစွာ တူးဖော်နေတဲ့ မြေရှားသတ္တုတွင်းတွေရဲ့ ပုံသဏ္ဍာန်ကဲ့သို့ လုပ်ငန်းသုံးကန်အ၀ိုင်တွေ စီတန်းထားတာကို တွေ့ရတယ်လို့ သိရပါတယ်။
ကချင်ပြည်ရှိ မြေရှားသတ္တုတွင်းတူးဖော်မှုဟာ သဘာ၀ပတ်၀န်းကျင်ကို ပြင်းထန်စွာ ထိခိုက်စေတဲ့ in situ leaching” နည်းလမ်းနဲ့ တူးဖော်ခြင်းဖြစ်ပြီး ၄င်းမှာ မြေရှားသတ္တုများကိုထုတ်ယူရန် တောင်တွေကို အပေါက်ဖောက်ကာ ပိုက်တွေမှတစ်ဆင့် ဓာတုပစ္စည်းတွေ လောင်းထည့် ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
ထို့နောက် အဆိုပါ ဓာတုပစ္စည်းအရည်တွေကို ကန်အတွင်းသို့ ပြန်ထည့်သွင်းပြီး အခြားဓာတုပစ္စည်းတွေကို ထပ်ထည့်ကာ မြေရှားသတ္တု ကိုထုတ်ယူခြင်းဖြစ်တယ်လို့ SHRF က ရှင်းပြထားပါတယ်။
ကချင်ဒေသရှိ သဘာ၀ပတ်၀န်းကျင်ပျက်စီးမှုတွေနဲ့ မြေရှားသတ္တုတွင်းတွေအနီး နေထိုင်တဲ့ ဒေသခံ တွေရဲ့ ကျန်းမာရေးထိခိုက်မှုတွေကို စနစ်တကျမှတ်တမ်းတင် ထုတ်ပြန်ထားမှုတွေ ရှိထားပြီးဖြစ်ကြောင်း၊ အောက်ခြေမှ တူးဖော်ထုတ်ယူမှုဟာ မြေပြိုမှုတွေဖြစ်စေခြင်း၊ မြေပေါ်၊မြေအောက်ရေတွေ အဆိပ်သင့် စေခြင်း၊ ငါးတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေကို သေဆုံးစေခြင်းနဲ့ စိုက်ပျိုးပင်တွေကိုကို ထိခိုက်စေခြင်းတွေ ဖြစ်စေတယ်လို့ သိရပါတယ်။
ဓါတ်ပုံများ – SHRF