
ကယန်းပြည်သစ်ပါတီ ဥက္ကဌပိုင်ဆိုင်တဲ့ လေးပွင့်ကြယ်ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီတို့ ပူးပေါင်းပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြိုု့နယ် မြင်းမထိတောင် ဒေသ အကြီးစားခဲသတ္တုတူးဖော်ရေးစီမံကိန်းနဲ့ ပတ်သက်လို့ ကယန်းပြည်သစ် ဗဟိုကော်မတီဝင် ၁၅ ဦးက ပရာဒေါင်းဆွေမျိုးစုနဲ့ လာရောက်စေ့စပ်ညှိနှိုင်းတယ်လို့ သိရပါတယ်။
မေလ ၉ ရက်က သိကျိတ်ကျေးရွာ၊ ငိန်းကယန်းထန်ခန်းမဆောင်မှာ ပရာဒေါင်းဆွေမျိုးစုနဲ့ လေးပွင့်ကြယ် ကုမ္ပဏီတို့အကြား ကယန်းပြည်သစ် ဗဟိုကော်မတီဝင် ၁၅ ဦးမှ လာရောက် စေ့စပ်ညှိနှိုင်းခဲ့ပေမယ့် သဘောတူညီ ဆုံးဖြတ်ချက် မချမှတ်နိုင်ခဲ့ဘူးလို့ ပရာဒေါင်းဆွေမျိုးစုက မေလ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
လေးပွင့်ကြယ် ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီတို့အနေနဲ့ မြင်းမထိတောင် သတ္တုတူးဖော်မှုကို အပြီးအပိုင် နောက်ဆုတ်ရုတ်သိမ်းပေးဖို့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးတဲ့ ဗဟိုကော်မတီဝင်တွေမှတစ်ဆင့် တွေ့ဆုံညှိနှိုင်းမှုမှာ တရားဝင်ထပ်မံ တင်ပြတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

မေလ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာလည်း ပရာဒေါင်းဆွေမျိုးစုက အချက် ၄ ချက်ကို ထပ်မံ တောင်းဆိုလိုက်တယ်လို့ ကြေညာပါတယ်။
ပထမအချက်မှာ မြင်းမထိတောင်မှာ လေးပွင့်ကြယ်ကုမ္ပဏီက ဦးဆောင်လို့ သတ်မှတ်ထားတဲ့ လုပ်ကွက်နဲ့ လုပ်ငန်းတွေဟာ ဒေသခံပရာဒေါင်းဆွေမျိုးစုရဲ့ ခွင့်ပြုထောက်ခံချက် မရှိတဲ့အတွက် တရားမဝင်ဘူးလို့ ပရာဒေါင်းဆွေမျိုးစုက သတ်မှတ်တယ်လို့ ဆိုပါတယ်။
ဒုတိယအချက်မှာ လုပ်ငန်းတွေ အပြီးပိုင်ဆုတ်ခွာ မထွက်မချင်း သပိတ်လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
တတိယအချက်မှာ လေးပွင့်ကြယ် ကုမ္ပဏီဖက်မှ မေလ ၁၆ ရက် နောက်ဆုံးထားပြီး မြင်းမထိတောင် လုပ်ငန်းခွင်အတွင်း အမြန်ဆုံး ဆုတ်ခွာ ထွက်သွားပေးဖို့ တောင်းဆိုထားပါတယ်။
နောက်ဆုံးအချက်မှာ သတ်မှတ်ရက်အတွင်း ထွက်သွားခြင်း မရှိပါက ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးကိစ္စရပ် အားလုံးကို ပရာဒေါင်း ဆွေမျိုးစုက တာဝန်ယူမှာ မဟုတ်ကြောင်း၊ ယင်းနောက်ဆက်တွဲ ဆိုးကျိုးအားလုံးကို လေးပွင့်ကြယ် ကုမ္ပဏီနဲ့သာ သက်ဆိုင်ကြောင်း ထုတ်ပြန်ပါတယ်။

လေးပွင့်ကြယ်ကုမ္ပဏီက မြင်းမထိတောင်မှာ အကြီးစားသတ္တု တူးဖော်မှုနဲ့ ပတ်သက်လို့ ဒေသခံပရာဒေါင်းဆွေမျိုးစုနဲ့ ညှိနှိုင်းတိုင်ပင်မှု မရှိဘဲ တရုတ်နိုင်ငံ၊ မာစတာဝမ်းကုမ္ပဏီနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုထားပြီး လုပ်ငန်းတွေ စတင်အကောင်အထည်ဖော်နေတဲ့အတွက် ပရာဒေါင်းဆွေမျိုးစုက ကန့်ကွက်ဆန္ဒပြမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင်က ပိုင်ဆိုင်တဲ့ လေးပွင့်ကြယ်ကုမ္ပဏီက ကိုယ်စားလှယ်တွေဟာ ပရာဒေါင်း ဆွေမျိုးစုနဲ့ ၂ ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ပြီး ပရာဒေါင်း ဆွေမျိုးစုဖက်မှ တောင်ဆိုချက်တွေကို ကုမ္ပဏီမှ ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ လေးပွင့်ကြယ် ကုမ္ပဏီက ဒေသခံတွေကို အသိမပေးဘဲ မြင်းမထိတောင် ဒေသမှာ ၎င်းတို့ ကုမ္ပဏီပိုင် လုပ်ကွက်တွေ သတ်မှတ်ခဲ့ပြီး ၂၀၁၉ ခုနှစ်က တရုတ်ကုမ္ပဏီနဲ့ ပူးပေါင်းကာ သတ္တုတူးဖော်ဖို့ စီစဉ်ခဲ့ပေမယ့် မပြေလည်မှု ရှိခဲ့တဲ့အတွက် စီမံကိန်းကို ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ အဲဒီစီမံကိန်းတွေကို ပြန်လည်စတင်ဖို့ စီစဉ်နေခြင်းဖြစ်ပြီး ဒေသခံတွေက ကန့်ကွက် တားဆီးနေကြတာဖြစ်ပါတယ်။
လေးပွင့်ကြယ်ကုမ္ပဏီက အဲဒီစီမံကိန်းကို လုပ်ဆောင်ပါက ကျေးရွာ ၅ ရွာရဲ့ လူမှုပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှု ရှိနိုင်ပြီး တပိုင်းတနိုင် သတ္တုတူးဖော်တဲ့ ပရာဒေါင်းဆွေမျိုးစုနယ်မြေ ကျေးရွာပေါင်း ၁၁ ရွာမှ ဒေသခံ လူထု ၅၀၀၀ ကျော်အပေါ် သက်ရောက်မှုလည်း ရှိနေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – ပရာဒေါင်းဆွေမျိုးစု