ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအနီး မြင်းမထိတောင်မှာ ကယန်းပြည်သစ်ပါတီ ဥက္ကဌပိုင် လေးပွင့်ကြယ် ကုမ္မဏီနှင့် ‘မာစတာဝမ်း’ တရုတ်ကုမ္မဏီတို့ ပူးပေါင်းပြီး အကြီးစားသတ္တုတူးဖော်မှုကို ဒေသခံပြည်သူ ပရာဒေါင်းဆွေမျိုးစုတွေက လက်မခံကြောင်း ဒီနေ့မှာ ထပ်မံ ဆန္ဒဖော်ထုတ်ကြပါတယ်။

ဒီနေ့ ဧပြီလ ၂၂ ရက်မှာ ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသဖြစ်တဲ့ မြင်းမထိတောင်မှာ အကြီးစားသတ္တုတူးဖော်မှုနဲ့ ပတ်သက်လို့ ဒေသခံပြည်သူ ဆယ်ဂဏန်းကျော်က ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခဲ့တယ်လို့ ပရာဒေါင်းဆွေးမျိုးစုအဖွဲ့က ထုတ်ပြန်ပါတယ်။

“မြင်းမထိတောင်ကို ကာကွယ်ကြ”၊ “ပရာဒေါင်း ဆွေမျိုးစုနယ်မြေဒေသအတွင်း လေးပွင့်ကြယ် ကုမ္ပဏီ ဖော်ဆောင်မည့် လုပ်ငန်းများ အလိုမရှိ”၊ “ပြည်သူလူထုကို အလေးမထားသည့် လေးပွင့်ကြယ်ကုမ္ပဏီ အလိုမရှိ”၊ “တရုတ်နိုင်ငံ မာစတာဝမ်ကုမ္ပဏီ အလိုမရှိ” စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဒေသခံတွေက ကန့်ကွက် ဆန္ဒပြနေတာ ဖြစ်ပါတယ်။

မြင်းမထိတောင်ဟာ ခဲသတ္တုတွေသာမက သစ်မာမျိုးစုံလည် ပေါကြွယ်ဝတဲ့ တောင်ဖြစ်ပြီး လက်ရှိ လေးပွင့်ကြယ် ကုမ္ပဏီလုပ်ကွက်လို့ သတ်မှတ်ထားတဲ့ နေရာမှာ လုပ်ငန်းရှင်တဦး လုပ်ကိုင်လိုပါက လုပ်ကွက် တကွက်ကို ၁ နှစ်အတွက် သိန်း ၁၀၀၊ သိန်း ၁၅၀ နဲ့ သိန်း ၃၀၀ အထိ ပေါက်ဈေးရှိကြောင်း၊ အင်းတစ်အင်းကို တလအတွက် ကျပ်သိန်း ၃၀ မှ ၅၀ ကို ၆ လ သို့မဟုတ် ၁ နှစ်စာချုပ်နဲ့ ပေးသွင်းလုပ်ကိုင်ရတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒေသခံလူထုဟာ မြေခွန်/ မြေခနဲ့ ပတ်သက်လို့ အကျိုးခံစားခွင့် မရရှိသလို အဲဒီလုပ်ကွက်နဲ့ နီးစပ်ရာကျေးရွာတွေဟာ အိမ်ဆောင်ဖို့ သစ်ထုတ်ရာမှာ ကုမ္ပဏီတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ရမှသာ လုပ်နေရတယ်လို့ သိရပါတယ်။

၂၀၁၆ခုနှစ်က လေးပွင့်ကြယ်ကုမ္ပဏီထံမှ ကျပ်သိန်း ၉၀ သာ ပရာဒေါင်းဆွေးမျိုးစုက ဆွေမျိုးစု ရန်ပုံငွေအဖြစ် လက်ခံရရှိဖူးတယ်လို့ ဆိုပါတယ်။

ပရာဒေါင်းဆွေမျိုးစုနယ်မြေ ဒေသမှာ လေးပွင့်ကြယ်ကုမ္ပဏီက သတ္တုတူးဖော်မှုကို လုံးဝ လက်မခံဘဲ ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ပရာဒေါင်းဒေသမှာ အကြီးစား သတ္တုတူးဖော်မှုကို ဘယ်ကုမ္ပဏီကိုမှ လက်ရှိနွေဦးတော်လှန်ရေး မပြီးဆုံးမချင်း လုပ်ကိုင်ခွင့်ပြုမည်မဟုတ်ကြောင်း ၊ လက်ရှိ လေးပွင့်ကြယ် ကုမ္ပဏီအနေနဲ့ ဧပြီလ ၂၀ ရက် နောက်ဆုံးထားပြီး အပြီးအပိုင် ဆုတ်ခွာ ရုပ်သိမ်းပေးရန် ပရာဒေါင်းဆွေမျိုးစုက ဧပြီ ၁၃ ရက်က တောင်းဆိုထားပါတယ်။

အကြီးစား သတ္တုတူးဖော်ပါက အိမ်ခြေ ၃၀ ရှိတဲ့ စခန်းကြီးရွာဟောင်းဟာ ရွာလုံးကျွတ် ရွေ့ပြောင်းရခြင်း၊ အိမ်ခြေ ၆၀ ရှိတဲ့ စခန်းကြီး ရွာသစ်နဲ့ အိမ်ခြေ ၃၀ ခန့် ရှိတဲ့ ကုန်းဆုံကျေးရွာ၊ အိမ်ခြေ ၄၀၀ ခန့်ရှိတဲ့ သိကျိတ်ကျေးရွာတို့ ဘေးအန္တရာယ် ကျရောက်နိုင်တယ်လို့ သိရပါတယ်။

ကယန်းလူမျိုး၊ ကဲဒေါ့မျိုးနွယ်စုရဲ့ ဆွေမျိုးစုတခုဖြစ်တဲ့ ပရာဒေါင်းဆွေမျိုးစုတွေနေထိုင်တဲ့ မြင်းမထိတောင်ဒေသဟာ ကယန်းပြည်သစ်ပါတီ – KNLP ရဲ့ ထိန်းချုပ်နယ််မြေထဲမှာ ရှိပါတယ်။

လက်ရှိကယန်းပြည်သစ်ပါတီ – KNLP ဥက္ကဌဟာ ဦးသန်းစိုးနိုင်ဖြစ်ပြီး ကယန်းပြည်သစ် တပ်မတော်ကို စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် မြားနိုက တာဝန်ယူထားကာ ကယန်းပြည်သစ် တော်လှန်ရေး ကောင်စီ – KNLRC ရဲ့ ခေါင်းဆောင်မှာ ဗိုလ်မှူးချုပ် အိုက်နော်ထား ဖြစ်ပါတယ်။

ကယန်းပြည်သစ်ပါတီမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင် အင်အား ၁၀၀၀ ခန့်ရှိနိုင်ပြီး စစ်တပ်နဲ့ ၁၉၉၄ ခုနှစ်ကတည်းက အပစ်ရပ်စာချုပ် ချုပ်ဆိုထားတယ်လို့ သိရပါတယ်။

ဓါတ်ပုံများ – ပရာဒေါင်းဆွေမျိုးစု ၊ KNIC