
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက မရာနယ်မြေအတွင်း ဧပြီလ ၁၆ ရက်မှ ဇွန်လကုန်အထိ ငါး၊ သားငှက် တိရစ္တာန်တွေရဲ့ သားပေါက်ကာလဖြစ်တာကြောင့် အမဲလိုက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းတွေ မပြုလုပ်ကြဖို့ ဒေသချင်းတော်လှန်ရေး အင်အားစုက တားမြစ်လိုက်ပါတယ်။
မရာနယ်မြေအတွင်း သဘာဝတောတောင်တွေ၊ စိန်းလန်းစိုပြေစေရေးနဲ့ တောရိုင်းတိရစ္ဆာန်တွေ မျိုးသုဉ်းပျောက်ကွယ်ခြင်း မရှိစေဖို့ ရည်ရွယ်ပြီး တားမြစ်လိုက်တဲ့ ကာလအပိုင်းအခြားဟာ ငါး၊ ငှက်နဲ့ တောရိုင်းတိရစ္ဆာန်တွေ သားပေါက်ကာလဖြစ်အတွက် ဒေသခံပြည်သူတွေ လိုက်နာကြဖို့ ထုတ်ပြန်လိုက်တာပါ။
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထဲရေးနဲ့ ဒေသန္တရအုပ်ချုပ်ရေးဌာနက တားမြစ်မိန့် စတင်ထုတ်ပြန်လိုက်တဲ့ ဧပြီလ ၁၆ ရက်မှ ဇွန်လကုန်အထိ ဒီတားမြစ်ချက်ဟာ အကြုံးဝင်တယ်လို့ ဆိုပါတယ်။
အဲဒီကာလအတွင်းမှာ နည်းမျိုးစုံနဲ့ ငှက်ပစ်သတ်ခြင်း၊ ဖမ်းဆီးခြင်း၊ အမဲလိုက်ခြင်း၊ မြစ်ချောင်းတွေမှာ ရှော့တိုက်ခြင်း၊ ဓါတုဆေးဝါးများ အသုံးပြုခြင်း၊ မိုင်းခွဲခြင်းနည်းလမ်းနဲ့ ငါးဖမ်းခြင်းတွေ စတဲ့အချက်တွေကို လုံးဝ မပြုလုပ်ရဘူးလို့ ဆိုပါတယ်။
အဲဒီတားမြစ်ချက်တွေကို ဒေသခံပြည်သူတွေ သိရှိလိုက်နာဆောင်ရွက်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ပြင်းပြင်းထန်ထန် အရေးယူခြင်း ခံရမယ်လို့ ဆိုပါတယ်။
ချင်းပြည်တောင်ပိုင်းဒေသထဲက မရာဒေသတွင် မရာချင်းလူမျိုးတွေ အများစု နေထိုင်ကြပြီး လက်ရှိမှာ လိုင်လင်းပီမြို့အပါအဝင် မရာဒေသအများစုကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ – MDF တို့က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
ဓါတ်ပုံများ – WWF – မြန်မာ၊