
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က ၎င်းတို့ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ မိုင်းဆက်မြို့တောင်ပိုင်းနဲ့ မိုင်းယွန်းမြို့ရှိ နမ့်ခုတ်မြစ်ကမ်းတစ်လျှောက်မှာ ၂၄ နာရီအချိန်ပြည့် အကြီးစားရွှေတူးဖော်မှုတွေ ပြုလုပ်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ထံမှ သိရပါတယ်။
နမ်းခုတ်မြစ်ကမ်းတစ်လျှောက်မှာ အကြီးစားရွှေတူးဖော်မှုတွေကို UWSA ဝတပ်ဖွဲ့က အာဏာသိမ်းအပြီး ၂၀၂၃ ခုနှစ် စတင်ကာ အကြီးစားရွှေတူးဖော်မှုတွေကို ပြုလုပ်လာခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မတ်လ ၁၅ ရက်မှာ ကြေညာချက်ထုတ်ပါတယ်။
မြန်မာနဲ့ ထိုင်းနိုင်ငံကြား စီးဆင်းနေတဲ့ နမ့်ခုတ်မြစ်ပေါ်မှာ UWSA ဝတပ်ဖွဲ့ရဲ့ ရွှေတူးဖော်မှုတွေဟာ လွန်ခဲ့တဲ့ လတွေက ပိုမိုတိုးချဲ့လာခဲ့ပြီး လက်ရှိမှာ ၂၄ နာရီပတ်လုံးတူးဖော် လည်ပတ်နေတယ်လို့ ဒေသခံတွေကို ကိုးကားကာ SHRF က ဆိုပါတယ်။
အဲဒီအကြီးစားရွှေတူးဖော်မှုတွေကို တရုတ်ကုမ္ပဏီ ၄ ခုက တရုတ်အလုပ်သမား အများစုပါဝင်တဲ့ အလုပ်သမား ၃၀၀ ခန့်နဲ့ တူးဖော်နေကြပြီး နမ့်ခုတ်မြစ်ကမ်းဘေး တစ်လျှောက်ရှိ တောင်ကုန်းတွေပေါ်မှာ တူးဖော်နေကြသလို မြစ်အတွင်းမှာလည်း ရွှေဖောင်တွေနဲ့ တူးဖော်နေကြတယ်လို့ SHRF က ထုတ်ပြန်ပါတယ်။
အဆိုပါရွှေတူးဖော်မှုတွေကြောင့် စွန်ပစ်ပစ္စည်းတွေရဲ့ သက်ရောက်မှုဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ နမ့်ခုတ်မြစ်ပေါ် ကြီးမားတဲ့ ရေလွှမ်းမိုးမှုကို ဖြစ်ပေါ်စေခဲ့ပြီး မိုးယွန်းအုပ်စုအတွင်းရှိ ပိန်းခမ်းရှမ်းရွာဟာ ရွံ့မြေနဲ့ ရေးဆိုးတွေနဲ့အတူ နစ်မြုပ်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းဘက်ကမ်းနယ်စပ် တာတွန်းနဲ့ ချင်းမိုင်ခရိုင်မြောက်ဘက် နမ့်ခုတ်မြစ်တစ်လျှောက်ရှိ ကျေးရွာတွေလည်း ဆိုးဝါးတဲ့ ရေလွှမ်းမိုးမှုဒဏ်ကို ထိခိုက်ခံစားရတယ်လို့ သိရပါတယ်။
ဒါကြောင့် မတ်လ ၁၄ ရက် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့မှာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်၊ မယ်အိုင်ခရိုင်၊ တာတွန်းကျေးရွာမှာ ဒေသခံထိုင်းပြည်သူ ၇၀၀ ခန့် စုဝေးပြီး UWSA တပ်ဖွဲ့ရဲ့ ရွှေတူးဖော်နေမှုတွေကြောင့် နမ့်ခုတ်မြစ်ကို ကာကွယ်ဖို့အတွက် ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ကန့်ကွက်ဆန္ဒပြမှုဟာ ပြည်သူလူထုတွေအကြား သဘာဝကပ်ဘေးတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကို အသိပညာပေးဖို့၊ အဆိုပါပြသနာကို ဖြစ်ပေါ်စေတဲ့ အကြောင်းချင်းရာကို အဓိက ဦးတည်ဖို့နဲ့ အခုဖြစ်စဉ်တွေကို တာဝန်ရှိသူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးခြင်းက မိမိတို့ကိုသာမက ပတ်ဝန်းကျင်းနိုင်ငံတွေက လူတွေကိုပါ ထိခိုက်စေမှုကို သိရှိစေဖို့ ရည်ရွယ်တယ်လို့ SHRF က ဆိုပါတယ်။