
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က လုပ်ဆောင်မယ့် ကွမ်းလုံရေကာတာနဲ့ နောင်ဖာရေ ကာတာစီမံကိန်းတွေ အပါအဝင် သံလွင်မြစ်ပေါ် တည်ဆောက်မယ့် ရေကာတာစီမံကိန်းတွေကို ရပ်တန့်ရန် ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
မတ်လ ၁၄ ရက် ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့နဲ့ ရေကာတာ ဆန့်ကျင်ရေးနေ့မှာ မြန်မာနိုင်ငံရှိ မြစ်ချောင်းများ လွတ်လပ်စွာ စီးဆင်းနိုင်ရန်၊ သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်းများ ရပ်တန့်ရင်နဲ့ ဌာနေ လူထုများရဲ့ ငြိမ်းချမ်းရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့ (KRW) က ထုတ်ပြန်တာဖြစ်ပါတယ်။
ခေတ်အဆက်ဆက် အစိုးရတွေဟာ မြန်မာက မြစ်ချောင်းတွေပေါ်မှာ ရေကာတာ စီမံကိန်းတွေ တည်ဆောက်ပြီး လျှပ်စစ်ထုတ်ယူဖို့ စာချုပ်တွေ ချုပ်ဆိုခဲ့ပေမယ့် ဗဟိုဦးစီးစနစ်ရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် လက်ရှိမှာ လျှပ်စစ်စွမ်းအင် အကျပ်အတည်းကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပြီး သံလွင်မြစ်ပေါ် တည်ဆောက်မယ့် ရေကာတာစီမံကိန်းတွေ အကောင်အထည်ဖော်လာဖို့ တွန်းအားဖြစ်လာနေပြီး လူထုအတွက် စစ်ရေး ပဋိပက္ခတွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းတွေကိုပါ ရင်ဆိုင်လာရနိုင်ချေ ရှိတယ်လို့ KRW က ဆိုပါတယ်။

၂၀၂၄ ဇူလိုင်လက UWSA ဝတပ်ဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်းက နယ်မြေအများအပြားကို ထိန်းချုပ်လာနိုင်ပြီးနောက်ပိုင်း တရုတ်ဦးဆောင်မှုနဲ့ လုပ်ဆောင်မယ့် ကွမ်းလုံရေကာတာစီမံကိန်းနဲ့ နောင်ဖာရေကာတာစီမံကိန်းတွေကို စတင်လုပ်ဆောင်ဖို့ အလားအလာရှိလာခဲ့တယ်လို့ KRW က ထုတ်ပြန်ပါတယ်။
ကွမ်းလုံရေကာတာနဲ့ နောင်ဖာရေကာတာစီမံကိန်းတွေကြောင့် သံလွင်မြစ်ရဲ့ အနာဂါတ်နဲ့ ဒေသနေ ပြည်သူတွေအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်တယ်လို့ သတိပေးထားပါတယ်။
မြန်မာနိုင်ငံရှိ မြစ်ချောင်းတွေအပေါ်မှာ လူထု သဘောဆန္ဒမပါပဲ အမြတ်ထုတ်နေတဲ့ သယံဇာတထုတ်ယူမှု စီမံကိန်းတွေကို ရပ်တန့်ဖို့ မြစ်ချောင်းတွေရဲ့ အဓိက အခြေခံအခွင့်အရေးဖြစ်တဲ့ “မြစ်ချောင်းများ လွတ်လပ်စွာ စီးဆင်နိုင်ခွင့်” ရရှိရေးကို KRW က တောင်းဆိုလိုက်ပါတယ်။
လက်ရှိမှာ ဌာနေလူထုရဲ့ သဘောဆန္ဒမပါဘဲ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင်လာတဲ့အတွက် မြေယာဆုံးရှုံးခြင်း၊ သစ်တောပြုန်းတီးခြင်းအပြင် မြစ်ချောင်းများ ညစ်ညမ်းလာခြင်းတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
နိုင်ငံရေးအခြေအနေများကြောင့်လည်း လူထုဟာ သယံဇာတအပေါ် အမှီပြုပြီး နေ့စဉ်ဘဝ ရပ်တည်ရေးကို ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့နဲ့ ရေကာတာ ဆန့်ကျင်ရေးနေ့မှာ တိုင်းရင်သား တော်လှန်ရေးအင်အားစု၊ NUG အစိုးရနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းထံ အချက် ၃ ချက်စီကို KRW က တောင်းဆိုထားပါတယ်။
တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကို လူထုဆန္ဒမပါဘဲ လုပ်ဆောင်နေတဲ့ သယံဇာထုတ်ယူတဲ့ စီမံကိန်းတွေနဲ့ သံလွင်ရေကာတာစီမံကိန်းတွေကို ကန့်ကွက်ဖို့၊ ရပ်ဆိုင်းထားဖို့၊ ဌာနေလူထုရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဓလေ့ထုံတမ်းတွေကို အသိအမှတ်ပြု ကာကွယ်ပေးဖို့၊ လူထုကို အကာအကွယ်ပေးတဲ့ သယံဇာတ စီမံခန့်ခွဲခွင့် မူဝါဒတွေ ထည့်သွင်းရေးဆွဲဖို့ဖြစ်ပါတယ်။
NUG ထံသို့ တောင်းဆိုချက်တွေထဲမှာ သဘာဝအရင်းအမြစ်ဆိုင်ရာ မူဝါဒတွေကို Bottom – Up ဖက်ဒရယ်စနစ်ကို အသိအမှတ်ပြုလိုက်နာဖို့ဆိုတဲ့အချက်လည်း ပါဝင်ပြီး အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းထံ တောင်းဆိုမှုတွေထဲတွင် စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုဖို့လည်း ပါဝင်ပါတယ်။
အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့နဲ့ ရေကာတာ ဆန့်ကျင်ရေးနေ့ကို သံလွင်မြစ်ကြောင်း တလျှောက်နေထိုင်တဲ့ ဌာနေကရင်လူထုတွေ၊ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေ၊ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေကို ပူးပေါင်းပခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံများ – KSNG