ကမ္ဘာမှာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိတဲ့ မျိုးစိတ် – CR ဖြစ်တဲ့ စာဝါကျားငှက်ကို ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကျုံကပြင် ကျေးရွာမှာ သုတေသနပြုလုပ်ရာ အကောင်ရေ ၄၀၀၀၀ နီးပါး တွေ့ရှိရတယ်လို့ ဟောင်ကောင်ငှက်ကြည့် အဖွဲ့အစည်း (HKBWS) ထံမှ သိရပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ဆောင်းခိုငှက်ကျရောက်ရာဒေသမှာ စာဝါကျားငှက် (Yellow-breasted Bunting) ကောင်ရေကို ၂၀၂၃ – ၂၀၂၄ ခုနှစ်မှာ HKBWS နဲ့ OBC တို့ရဲ့ ရန်ပုံငွေနဲ့အတူ Project leader ဒေါ်မြင့်မြင့်စိုး (Researcher) နဲ့ အဖွဲ့က တွေ့ရှိချက်စာတမ်းကို ဟောင်ကောင်ငှက်ကြည့်အဖွဲ့အစည်း (HKBWS) ကနေ မတ်လ ၂ ရက်က ထုတ်ပြန်လိုက်တာပါ။

ဒါဟာ မြန်မာနိုင်ငံမှာ စာဝါကျားငှက်တွေ ဆောင်းခိုရာသီမှာ လာရောက်ကျက်စားတဲ့ အဓိကအရေးပါဆုံး နေရာတခုကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ HKBWS မှာ ရေးသားဖော်ပြပါတယ်။

ဧရာဝတီတိုင်း၊ ကျုံကပြင်ကျေးရွာမှာ စာဝါကျားငှက်သုတေသနကို ပြုလုပ်စဉ်မှာ စာဝါကျက်ငှက်တွေ ကျက်စားနေထိုင်မှုကို စတုရန်ကီလိုမီတာ ၁၆၂ ကျယ်ဝန်းတဲ့ သုတေသနသတ်မှတ် ဧရိယာအတွင်း ပြုလုပ်ခဲ့ပြီး အဲဒီဧရိယာထဲမှာ ရာသီအလိုက်စပါးခင်းတွေ၊ ကြာပန်းခင်းတွေ၊ ကိုင်းတော၊ ကျူပင်တောတွေ စတဲ့ အပင်အမျိုးမျိုး ရှင်သန်ပေါက်ဖြစ်ထွန်းပါတယ်။

၂၀၂၃ အောက်တိုဘာလမှ ၂၀၂၄ မေလအထိ စတုရန်ကီလိုမီတာ ၁၃.၇၅ အကျယ်အဝန်းအတွင်း ၅၅ နေရာမှာ စာရင်းကောက်ယူခဲ့ရာ စာဝါကျားငှက် ၅၀၀၀ ကျော်ကို မှတ်တမ်းတင် တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒီလိုစာရင်းကောက်နေရာတွေကနေ စာဝါကျားငှက်တွေ အဓိကက ရှင်သန်ကျက်စားတဲ့ နေရာတွေကိုလည်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ဒီဇင်ဘာလထဲမှာ စာဝါကျားငှက် ၂၂၀၉ ကောင်ရေနဲ့ အများဆုံး တွေ့ရှိနိုင်ရပြီး ၂၀၂၄ မတ်လထဲမှာတော့ ၅၂ ကောင်နဲ့သာ တွေ့ရလို့ အနည်းဆုံးတွေ့ရှိတဲ့ ကာလဖြစ်တယ်လို့ဆိုပါတယ်။

အံ့အားသင့်စရာကောင်းတဲ့အချက်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထဲ စာဝါကျားငှက် အိပ်တန်းတက်ရာနေရာတွေမှာ သုတေသနပြုလုပ်ရာမှာ အကောင်ရေ ၃၉၆၈၀ အထိ တွေ့ရှိရတယ်လို့ ဟောင်ကောင်ငှက်ကြည့်အဖွဲ့အစည်း – HKBWS က တွေ့ရှိချက်ကို ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကျုံကပြင်ကျေးရွာက စာဝါကျားငှက်သုတေသနပြုလုပ်စဉ်မှာ အခြားငှက်မျိုးစိတ် ၁၀၅ မျိုးကိုလည်း တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပြီး အဲဒီအထဲ ကမ္ဘာလုံးအတိုင်းအတာနဲ့ ခြိမ်းခြောက်ခံနေရလို့ ထိန်းသိမ်းဖို့ လိုအပ်နေတဲ့ မျိုးစိတ်ဖြစ်တဲ့ ကြိုးကြာခေါင်နီ (Sarus Crane) နဲ့ ကိုင်းစွေ့ (Jerdon’s Babbler) ငှက်မျိုးစိတ်တွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

စာဝါကျားငှက်တွေကို သုတေသနပြုလုပ်ရာမှာ အိပ်တန်းတက်ချိန်စာရင်းကောက်ယူခြင်းနဲ့ ငှက်စာရင်းကောက်နေရာ သတ်မှတ်ပြီး ကောက်ယူခြင်းတို့ ပြုလုပ်သလို ဒေသခံတွေနဲ့ထံမှလည်း အချက်အလက်စုဆောင်းမှုတွေ ပြုလုပ်တယ်လို့ဆိုပါတယ်။

စာဝါကျားငှက် အိပ်တန်းတက်လေ့ရှိတဲ့ နေရာနဲ့ လာရောက်ကျက်စားလေ့ရှိတဲ့ နေရာ အနီးအနားက ကျေးရွာတွေမှ ရွာသားတွေကို တွေ့ဆုံမေးမြန်းပြီး အချက်အလက်စုဆောင်းခြင်း၊ သုတေသနပြုလုပ်ခြင်းတို့ ဆောင်ရွက်တယ်လို့ သိရပါတယ်။

ကျေးရွာက ဒေသခံတွေနဲ့ ကျောင်းတွေမှာ အသိပညာပေးဟောပြောခြင်း၊ ဆိုင်းဘုတ်ထောင်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဒေသမှာ မြက်ခင်းတောတွေကနေ စိုက်ခင်းတွေအဖြစ် ပြောင်းလဲလာမှုက စာဝါကျားငှက်တွေ ရှင်သန်ကျက်စားရာနေရာနဲ့ အဲဒီမျိုးစိတ်တွေအပေါ် ခြိမ်းခြောက်နေတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

စာဝါကျားငှက်တွေ အိပ်တန်းတက်တဲ့ နေရာတွေ၊ လာရောက်ကျက်စားရာနေရာတွေမှာ စိုက်ပျိုးထွန်ယက်ခြင်း၊ ဖမ်းဆီးခြင်း၊ ၎င်းတို့နေရာတွေ ဖျက်စီးခံရခြင်းတွေဟာ အဓိက ခြိမ်းခြောက်မှုတွေအဖြစ် ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

အဲဒီလို ဇီဝမျိုးစုံမျိုးကွဲတွေရဲ့ ဂေဟစနစ်အတွက် အရေးပါနေတဲ့ ဒေသမှာ ငှက်မျိုးစိတ်တွေ စုံလင်စွာ အခြေချနေထိုင်နိုင်ဖို့အတွက် သုတေသနတွေ ဆက်လက်လုပ်ဆောင်ဖို့နဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နေဖို့ အရေးကြီတယ်လို့ အဲဒီသုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။

ကျုံကပြင်ကျေးရွာဟာ ကျုံကပြင်- တက်ဆိပ်ဒေသခံသားငှက်ထိန်းသိမ်းရေးနယ်မြေအတွင်း ပါဝင်ပြီး အဲဒီနယ်မြေမှာ စာဝါကျား၊ ကြိုးကြာခေါင်းနီအပါအဝင် သားငှက်ထိန်းသိမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဒေသခံတွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ – KTCG ကလည်း ဆောင်ရွက်နေပါတယ်။

ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးအဖွဲ့က စာဝါကျားငှက်မျိုးစိတ်ကို မှတ်တမ်းတင် ထိန်းသိမ်းလာခဲ့တာ ၇ နှစ်အထိ ရှိလာချိန်မှာ အဲဒီ KTCG နယ်မြေနဲ့ အနီးဝန်းကျင်မှာ အကောင်ရေတွေ ပြန်လည်ပေါများလာတယ်လို့ KTCG အဖွဲ့က ၂၀၂၄ အောက်တိုဘာလက ထုတ်ပြန်ထားပါတယ်။

ကျုံကပြင်-တက်ဆိပ် ဒေသခံ သားငှက်ထိန်းသိမ်းရေးနယ်မြေနဲ့ ပတ်ဝန်းကျင်မှာ စာဝါကျားငှက်တွေရဲ့ နေရင်းဒေသတွေ ကောင်းမွန်မှု၊ အစားအစာ ပေါများကြွယ်ဝမှုနဲ့ ကျုံကပြင်-တက်ဆိပ် ဒေသခံတွေနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေရဲ့ ပူးပေါင်းထိန်းသိမ်းစောင့်ရှောက်မှုတို့ကြောင့် စာဝါကျားငှက်တွေ နှစ်စဉ်နှစ်တိုင်း အကောင်ရေ တိုးပွါးကာ ရောက်ရှိလာနေတယ်လို့ KTCG အဖွဲ့က ဆိုပါတယ်။