ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲက ဟူးကောင်းတောင်ကြားမှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေဟာ ဇီဝမျိုးစုံ မျိုးကွဲတွေကို များစွာ ထိခိုက်မှုရှိနေပြီး တောရိုင်းတိရစ္ဆာန်နဲ့ ငါးမျိုးကွဲတွေ သိသိသာသာ ပြတ်ရှားပျောက်ကွယ်တဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဟူးကောင်းတောင်ကြားရှိ ကချင်ပြည်နယ်ရွှေတူးဖော်ရေးအခြေအနေကို လေ့လာရမှာ တွေ့ရှိချက်တွေကို မတ်လ ၅ ရက်က ထုတ်ပြန်တဲ့ မြန်မာ့သတ္တုမိုင်း စောင့်ကြည့်ရေးကွန်ယက် (MMWN) ရဲ့ အစီရင်ခံစာတခုမှာ အဲဒီလို ဖော်ထုတ်ရေးသားထားတာပါ။

ဟူးကောင်းတောင်ကြားက ရွှေတူးဖော်ရေးလုပ်ငန်းဟာ ရိုးရာနည်းလမ်းနဲ့ တူးဖော်ရာမှ စက်ပစ္စည်းအသုံးပြုတဲ့ နည်းလမ်းကို ပြောင်းလဲတူးဖော်မှုကြောင့် စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေး အခင်းအကျင်းတွေကို ပြောင်းလဲသွားစေခဲ့တယ်လို့ MMWN က ဆိုပါတယ်။

အဲဒီအစီရင်ခံစာမှာ ဟူးကောင်းတောင်ကြားက ဝရာဇတ်ကျေးရွာ၊ ဆာချီမော်၊ လှောဒ်ဒါပါ၊ အောင်လေဲန်းနဲ့ အခြားဒေသတွေရှိ ရွှေတူးဖော်ရေးဒေသတွေက ဖြစ်ပေါ်နေတဲ့ စီးပွားရေးဆိုင်ရာ သက်ရောက်မှု၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုနဲ့ လူမှုရေးဆိုင်ရာပြသနာတွေကို လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၀ ခုနှစ်က ဝရာဇွတ်ကျေးရွာမှာ ရိုးရာနည်းလမ်းနဲ့သာ ရွှေတူးဖော်ခဲ့ပေမယ့် ၂၀၀၉- ၂၀၁၀ ခုနှစ်ဝန်းကျင်းနောက်ပိုင်းမှာ စက်ယန္တရာကြီးတွေနဲ့ ရွှေတူးဖော်နေကြတယ်လို့ MMWN အဖွဲ့က ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ဆာချီမော်၊ လှောဒ်ဒါပါ နဲ့ အောင်လေဲန်း ကဲ့သို့ အခြားဒေသတွေမှာလည်း အဲဒီလို စက်ယန္တရာကြီးတွေနဲ့ ရွှေတူးဖော်နေကြတယ်လို့ သိရပါတယ်။

ဟူးကောင်းတောင်ကြားက ရွှေတူးဖော်မှုတွေမှာ အခွန်ကောက်ခံတဲ့ ပုံစံအမျိုးမျိုးကွဲပြားမှု ရှိပြီး စက်ကိရိယာနဲ့ ပစ္စည်းတွေအပေါ် ကောက်ခံတဲ့ အခွန်က များပြားပြီး အဲဒီနေရာမှာ လုပ်ငန်းလည်ပတ်မှုအတွက် လစဉ်ကြေးလည်း ပေးဆောင်ရတယ်လို့ သိရပါတယ်။

မိုင်းတွင်းဧရိယာတွေမှာ မြေဈေးနှုန်းတွေမှာ တဧကကို ၂၅ သိန်းမှ ၃၅ သိန်အထိ ပေါက်ဈေးရှိတယ်လို့ MMWN က ထုတ်ပြန်ပါတယ်။ သာဓကမှာ မိုးကောင်းချောင်းမှာ ကားတစီးကို အခွန် ၃ သိန်းကျပ်၊ လစဉ်ကြေးမှာ တလ ၅သိန်းနဲ့ ဘီးခွန်အနေနဲ့ ကျပ်သိန်း ၁၀၀ ပေးရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်၊ အခြားပြည်သူစစ်အဖွဲ့တွေနဲ့ ကေအိုင်အေတို့အကြား မကြာခဏတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် အဲဒီက ဒေသခံတွေဟာ လုံခြုံရေးစိုးရိမ်းချက်တွေ တိုးလာစေတယ်လို့ သိရပါတယ်။

ဟူးကောင်းတောင်ကြားဟာ ကျားတွေနဲ့ ၎င်းတို့ရဲ့ နေထိုင်ရာကို ထိန်းသိမ်းရန် ရည်ရွယ်ချက်နဲ့ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေဖြစ်တဲ့ ဟူးကောင်းချိုင့်ဝှမ်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (စတုရန်မိုင်း ၂၄၉၄ ကျယ်ဝန်း) တည်ရှိတဲ့ အရပ်ဒေသဖြစ်ပါတယ်။

ဟူးကောင်းတောင်ကြားဒေသဟာ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်း သစ်တောဖုံးလွှမ်းနယ်မြေထဲ တည်ရှိပြီး အမြဲစိမ်းတော (ပုံမှန်) ဖုံးလွှမ်းထားပြီး ရွက်ကြွေရောနှောသစ်တော (စိုစွတ်သောအထက်ပိုင်း)၊ တောင်ပေါ် (အမြဲစိမ်း) နှင့် တောင်ပေါ် (ထင်းရှူးတော) တို့ ရှိတယ်လို့ သိရပါတယ်။

ဟူးကောင်းချို့ဝှမ်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှာ နို့တိုက်သတ္တဝါမျိုးစိတ် ၄၀ နှင့် ငှက်မျိုးစိတ် ၁၄၀ ကို မှတ်တမ်းတင်ထားတယ်လို့ သိရပါတယ်။

ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ ၂၀၁၃ – ၂၀၁၄ ခုနှစ် မှတ်တမ်းတွေအရ ကျားကောင်ရေ ၇၂ ကောင်မှ ၈၂ ကောင်ကြား ရှိနိုင်တယ်လို့ ဟူးကောင်း ချိုင့်ဝှမ်းဒေသ သားရဲတိရစ္ဆာန် နဲ့ ဘေးမဲ့တော ထိန်းသိမ်းရေးကို ကိုးကားပြီး သတင်းဌာနတချို့က ရေးသားထားပါတယ်။