Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

မြန်မာ့ပင်လယ်ပြင်မှာ Manta Rayနဲ့ Devil Ray ငါးမျိုးစိတ်တွေ အလွန်အကျွံ ဖမ်းဆီး၊ ရောင်းဝယ်ခံနေရ

အာဏာသိမ်းကာလအတွင်း မြန်မာ့ပင်လယ်ပြင်မှာ Manta Rayနဲ့ Devil Ray (အူကြီး/ငါးဘဲလိပ်မျိုးစုဝင်များ)တွေ အလွန်အကျွံ ဖမ်းဆီးစားသုံး၊ ရောင်းဝယ်ခံရမှု စတဲ့ အန္တရာယ်တွေ ကြုံတွေ့နေရတယ်လို့ Myanmar Ocean Project က ဇန်နဝါရီလ ၈ မှာ ထုတ်ပြန်ပါတယ်။

Manta Trust အဖွဲ့အစည်းက ဦးဆောင်ပြီး နိုင်ငံပေါင်း ၇၅ နိုင်ငံမှာ Manta နဲ့ Devil Ray တို့ရဲ့ ပသိ/ ပါးဟတ်နဲ့ အသားရောင်းဝယ်မှု အခြေအနေတွေကို စုစည်းလေ့လာထားတဲ့ စာတမ်းကို ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလထဲမှာ ထုတ်ဝေတာမှာ မြန်မာ့အခြေအနေကြောင်း ဖော်ပြထားတာပါ။

စာတမ်းနာမည်က “ကမ္ဘာလုံးဆိုင်ရာ အူကြီး(manta ray)နှင့် ငါးဘဲလိပ်မျိုးစုဝင်(devil ray)တို့၏ ပသိ/ပါးဟက်(gill plate)နှင့် အသားရောင်းဝယ်မှုဆန်းစစ်ချက်”လို့ ခေါ်ပါတယ်။ Myanmar Ocean Project က ပူးတွဲရေးသားသူအနေနဲ့ မြန်မာနိုင်ငံရဲ့ အူကြီးနဲ့ ငါးဘဲလိပ်မျိုး ပသိနဲ့ အသားရောင်းချမှု၊ စားသုံးမှုအခြေအနေတွေကို လေ့လာတင်ပြထားတာပါ။

၇၅ နိုင်ငံထဲက ၄၃ နိုင်ငံမှာ ငါးဘဲလိပ်တွေကို တွင်တွင်ကျယ်ကျယ် ဖမ်းဆီးနေတာကို တွေ့ရပြီး (၃၅)နိုင်ငံမှာ အသားကို စားသုံးလျက် ရှိကြတယ်လို့ သိရပါတယ်။

၁၄ နိုင်ငံမှာတော့ ပသိ/ပါးဟက်တွေကို တင်ပို့ရောင်းချနေကြတာကို လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ကုန်သွယ်ရေးလမ်းကြောင်းဟာ အာရှနဲ့ အာဖရိကနိုင်ငံတွေကြားမှာ အဓိကရှိနေပြီး ထိန်းသိမ်းကာကွယ်ရေးဆောင်ရွက်ဖို့ အဓိက ဦးစားပေး(၅)နိုင်ငံမှာ “မြန်မာ” က ထိပ်ဆုံးဦးစားပေး အဆင့် ၁ နိုင်ငံဖြစ်ပါတယ်။ ကျန် ၄ နိုင်ငံက သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ ပါဝင်နေပါတယ်။

“မြန်မာနိုင်ငံဟာ အူကြီးနဲ့ ငါးဘဲလိပ်မျိုးစု (manta and devil rays) အသားနဲ့ ပသိ(gill plate)ကို ပြည်တွင်းစားသုံးမှုနဲ့ ပြည်ပတင်ပို့မူ အလွန်များပြားခြင်းကြောင့် ထိန်းသိမ်းကာကွယ်ရေးဆောင်ရွက်ဖို့ အဓိကဦးစားပေး(၅)နိုင်ငံ အနက် အဆင့်(၁) အဖြစ် သတ်မှတ်တယ်” လို့ အဲဒီစာတမ်းမှာ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ငါးဘဲလိပ်မျိုးစိတ် (၅) မျိုးကို တွေ့နိုင်ပါတယ်။ ဒီထဲမှာ giant oceanic manta rays (Mobula birostris) တွေနဲ့ devil rays တွေဖြစ်တဲ့ Mobula tarapacana, Mobula mobular, Mobula thurstoni, Mobula kuhlii တို့ ပါဝင်ပါတယ်။

မြန်မာဘာသာမှာ မျိုးစိတ်တစ်ခုချင်းစီကို သီးသန့်ပေးထားတဲ့ နာမည်တွေ မရှိသေးပေမယ့် ဒေသခံတွေက mobula ray species တွေကို ငါးလိပ်ကျောက်ကြီး၊ ငါးဘဲလိပ်၊ ငါးလိပ်စွန်၊ အူကြီး၊ ငါးအူညင်း၊ လင်းပြန်၊ ဂွ စသဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။

Giant manta rayတွေကို ငါးလိပ်စွန်၊ အူကြီး၊ ငါးအူညင်း စတဲ့ နာမည်တွေကို အသုံးများကြပါတယ်လို့ Myanmar Ocean Project က ရှင်းပြပါတယ်။

ဓါတ်ပုံများ – MOP

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature