
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေက ဆင်ကောင်ရေ ၃၀၀ ကျော်အတွက် လိုအပ်တဲ့ ရိက္ခာ၊ ဆေးဝါး နဲ့ ဖြည့်စွက်စာ ဝယ်ယူနိုင်ရေးဟာ တစ်နှစ်ကို ကျပ်သိန်း ၅၀၀ ကျော် လိုအပ်တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်အဖွဲ့အစည်းတွေရဲ့ စိုးမိုးနယ်မြေထဲရှိ ဆင်တွေ ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ရန်ပုံငွေ လိုအပ်ချက်နဲ့ ရရှိမှုဆိုပြီး NUG အစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၀ ရက်က ထုတ်ပြန်ရာမှာ အသိပေးခဲ့တာပါ။
ဆင်တစ်ကောင်အတွက် ဖြည့်စွက်စာ ဆား၊ မန်ကျည်းသီးနဲ့ ကာကွယ်ဆေးတစ်နှစ်စာ ပျမ်းမျှလိုအပ်ချက်ဟာ ကျပ် ၁၇၄, ၅၀၀ ဖြစ်ပြီး ဆင်ကောင်ရေ စုစုပေါင်း ၃၁၃ ကောင်အတွက် ကျပ် ၅၄, ၆၁၈, ၅၀၀ လိုအပ်တယ်လို့ သိရပါတယ်။
“မိုမိုတို့ရဲ့ အိမ်ပြန်လမ်း” ကမ်ပိန်းက ရရှိတဲ့ ရန်ပုံငွေဟာ ကျပ်သိန်း ၂၀၀ ဝန်းကျင်သာ ရရှိတဲ့အတွက် ဆင်တွေ စောင့်ရှောက်ရေး ရန်ပုံငွေ လိုအပ်ချက်ရဲ့ ၃၇.၆ ရာခိုင်နှုန်းသာ ရရှိပါတယ်။
CDM ဆင်တွေအတွက် ကမ်းပိန်းရန်ပုံငွေအပြင် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို ဆက်သွယ်လှူဒါန်းမှုတွေကလည်း ပံ့ပိုးမှုအချို့ ပြုလုပ်ပေးနေတယ်လို့ အဆိုပါဝန်ကြီးဌာနထံမှ သိရပါတယ်။

“တော်လှန်ရေးကာလမှာ လိုအပ်ချက်များ၊ ထူးခြားဖြစ်စဉ်များ များမြောင်လှတဲ့ကိစ္စများအတွက် အခုထောက်ပံ့ကြေးဟာ ဆင်ပါးစပ်အတွက် နှမ်းတစေ့ ဖြစ်ကောင်းဖြစ်မယ်၊ သို့သော် မွှေးကြိုင်နေမှာတော့အမှန်ပါ။”လို့ NUG အစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ တူးခေါင်က ပြောပါတယ်။
လတ်တလောမှာ “မိုမိုတို့ရဲ့ အိမ်ပြန်လမ်း” ကမ်းပိန်းမှ ပထမဆုံး ထောက်ပံ့မှုအဖြစ် ဆင် ၃၇ ကောင်အတွက် ဖြည့်စွက်စာ ၆လစာကို ထောက်ပံ့ထားပြီဖြစ်တယ်လို့ ဆိုပါတယ်။
လိုအပ်ချက်နဲ့ ရန်ပုံငွေ ရရှိမှု မမျှတနိုင်သေးတာကြောင့် CDM ဆင်ဝိုင်းတွေ၊ ကျန်းမာရေးနဲ့ ထူးခြားဖြစ်စဉ် လိုအပ်ချက်ရှိနေတဲ့ ဆင်ဝိုင်းတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှ အထောက်အပံ့ မရရှိနိုင်တဲ့ ဆင်ဝိုင်းတွေကို ဦးစာပေးပြီး အလှည့်ကျ စီစဉ်ထောက်ပံ့နေတယ်လို့ သိရပါတယ်။
ဆင်ဝိုင်းတွေရဲ့ အခြေအနေနဲ့ လုံခြုံရေး၊ ရန်ပုံငွေ ရရှိမှုနဲ့ လိုအပ်ချက်တို့ကို ထည့်သွင်းစဉ်းစားလျက် ထောက်ပံ့မှုတွေကို ဝန်ကြီးဌာန၊ စီမံခန့်ခွဲမှု ကော်မတီဆုံးဖြတ်ချက်နဲ့ စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – NUG ၊ PLA