အာရက္ခပြည်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် စိုက်ပျိုးထားတဲ့ လယ်ဧက ၁၈,၀၀၀ ကျော် ပျက်စီးဆုံးရှုံးသလို အိမ်မွေးတိရစ္ဆာန် ထောင်ချီသေဆုံးရတယ်လို့ ULA/ AA ၊ လူသားချင်း စာနာထောက်ထား ရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ကြေညာပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် နေအိမ်၊ စပါးခင်း၊ ရေတွင်း၊ ရေကန်တွေ ပျက်စီးခြင်းနဲ့ လမ်း၊တံတားတွေ ပျက်စီးခြင်းအပြင် ဒေသခံပြည်သူတွေပါ အသက်ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ HDCO ရုံးက ဩဂုတ်လ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်ရှိမိုးရာသီကာလမှာပင် အကြောင်းအမျိုးမျိုးနဲ့ လမ်းခရီးသွားလာရာမှ ရေကြီးနေတဲ့ နေရာတွေ အရောက်မှာ ရေနစ်ခြင်း၊ ရေစီးနဲ့ မျောပါခြင်းတို့ကြောင့် ဒေသခံပြည်သူ ၂၁ ဦး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇွန်လနဲ့ ဇူလိုင်တွေမှာ မိုးများစွာ ရွာသွန်းမှုကြောင့် တောင်ကုတ်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေက ကျေးရွာ (၁၆၅) ရွာမှာ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အိမ်ထောင်စု ၉,၇၆၁ စုမှ လူဦးရေ ၄၂,၄၅၉ ဦး ထိခိုက်မှုတွေ ရှိခဲ့ပြီး နေအိမ် ၅၂ လုံးနဲ့ စစ်ဘေးရှောင်စခန်း (IDP) ရုံးခန်း ၂ ခန်း ထိခိုက်ပျက်စီးဆုံးရှုံးတယ်လို့ ဆိုပါတယ်။

ထွန်ယက်စိုက်ပျိုးထားတဲ့ လယ်ဧက ၁၈, ၈၂၃ ဧက ပျက်စီးဆုံးရှုံးခဲ့ရသလို ကြက်၊ ဘဲ၊ နွား၊ ဝက် စတဲ့ အိမ်မွေးတိရစ္ဆာန်တွေ ထောင်ချီလည်း သေဆုံးရတယ်လို့ သိရပါတယ်။

ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော မြိုနယ်တွေမှာ လမ်း၊ တံတားပျက်စီးမှုတွေလည်း ရှိနေတယ်လို့ HDCO ရုံးမှ သိရပါတယ်။

လက်ရှိအခြေအနေအရ အရေးပေါ် အကူအညီတွေကို တိုးမြင့်ဆောင်ရွက်ပေးဖို့ အရေးသကြီး လိုအပ်နေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – HDCO