Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

ကော်သူးလေရာသီဥတုပြောင်းလဲမှုဆိုင်ရာ လျှော့ချမှု ၁၀ နှစ် စီမံကိန်းမှာ မြေဟတ်တာ ၂ သိန်းမှာ သစ်ပင်စိုက်မယ်လို့ K- NRECC ကြေညာ

ကရင်အမျိုးသားအစည်းအရုံး – KNU ကိုယ်တိုင် ဦးဆောင်လှုပ်ရှားမယ့် ကော်သူးလေ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လျှော့ချမှုအစီအစဉ် ၁၀ နှစ် စီမံကိန်းကို အခုနှစ် ၂၀၂၅ မှာ စတင်အကောင်အထည်ဖော်နေပြီး မြေယာ ဟတ်တာ ၂ သိန်းမှာ သစ်ပင်တွေ ပြန်လည်စိုက်ပျိုးမယ်လို့ K- NRECC က ကြေညာပါတယ်။

ကော်သူးလေ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လျှော့ချမှုအစီအစဉ် ၁၀ စီမံကိန်းနဲ့ပတ်သက်လို့ ဇူလိုင်လ ၁ ရက်က ကော်သူးလေ သစ်ပင်စိုက်လ ထုတ်ပြန်ချက်မှာ ကော်သူးလေ သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝသယံဇာတ ထိန်းသိမ်းရေးကော်မတီ (K-NRECC) က ထုတ်ပြန်တာပါ။

ဒီနှစ် ၂၀၂၅ မှစတင်လို့ ၂၀၃၅ ခုနှစ်အတွင်း အပြီးလုပ်ဆောင်သွားမယ့် အဲဒီစီမံကိန်းမှာ အဓိက ၃ ချက်ပါဝင်တယ်လို့ ဆိုပါတယ်။

သစ်တောမဟုတ်တဲ့ မြေယာနဲ့ သစ်တောပြုန်းတီးသွားတဲ့ မြေယာ ၂၀၀, ၀၀၀ ဟတ်တာပေါ်မှာ သစ်ပင်တွေ ပြန်လည်စိုက်ပျိုးမှာဖြစ်ပြီး ဒုတိယအချက်က သစ်တောပျက်စီး ပြုန်းတီးစေမှုကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချခြင်းနဲ့ ကော်သူးလေ နယ်မြေအတွင်း ကျန်ရှိတဲ့ သစ်တော ၂၀,၀၀၀ ဟတ်တာ (၅၄၃, ၆၃၁ ဧက) ကျော်ကို ဆက်လက် ထိန်းသိမ်းသွားမယ်လို့ ဆိုပါတယ်။

နောက်ဆုံးတချက်မှာ ကေအဲန်ယူစီမံအုပ်ချုပ်တဲ့ ခရိုင် (၇) ခုအတွင်း လူမှုအသိုင်းအဝိုင်း (သို့မဟုတ်) ဌာနေလူမျိုးစုတို့ ဦးဆောင်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်နဲ့ သီးနှံသစ်တောရောနှောစိုက်ပျိုးရေး စနစ်တွေကို ပိုမိုများပြားလာအောင် တိုးချဲ့ အကောင်အထည်ဖော်သွားမယ်လို့ K-NRECC ထုတ်ပြန်ပါတယ်။

အခုနှစ် ဇူလိုင်လ- ကော်သူးလေ စုပေါင်းသစ်ပင်စိုက်လဟာ ဒီပန်းတိုင်တွေ ရောက်ရှိရေးအတွက် ဆောင်ရွက်နေမှုလည်း ဖြစ်တယ်လို့ အသိပေးပါတယ်။

တောင်သူလယ်သမားတွေ၊ အမျိုးသမီးတွေ၊ လူငယ်လူရွယ်တွေ၊ ခေါင်းဆောင်တွေ၊ မူဝါဒရေးဆွဲသူတွေနဲ့ ဥပဒေပြုသူတွေအပါအဝင် ကရင်လူထုတရပ်လုံးအနေနဲ့ သစ်ပင်တွေကို အရိပ်အာဝါသ ၊ အသီးစားရုံအတွက် သာမက ရာသီဥတုပြောင်းလဲမှု ဒဏ်ခံနိုင်ရည်စွမ်း မြင့်မားရေး၊ ရိုးရာဓလေ့ ယဉ်ကျေးမှု ရှင်သန်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် စိုက်ပျိုးကြဖို့ K-NRECC က တိုက်တွန်းနေပါတယ်။

ဒီလိုအတူတကွ လုပ်ဆောင်မှုတွေမှတဆင့် နောင်လာနောက်သားတွေအတွက် စိန်းလန်း၊ ကြွယ်ဝ၊ လွတ်လပ်တဲ့ ကော်သူးလေကို ဖန်းတီးနိုင်မှာဖြစ်သလို မိမိတို့ကို မျှော်လင့်ခြင်းကို ပေးနိုင်တဲ့ သစ်တောတွေကို တိုးချဲ့စိုက်ပျိုးကြမယ်လို့ K-NRECC က နှိုးဆော်နေပါတယ်။

ကော်သူးလေဒေသမှာ သစ်တော၊ မြစ်ချောင်း၊ မြေယာနဲ့ အိုးအိမ်လုံခြုံမှုတို့အပေါ် ခြိမ်းခြောက်နေတဲ့ ရာသီဥတု ကပ်ဘေးနဲ့ အရှိန်မြှင့်မားလာတဲ့ စစ်ရေးပဋိပက္ခတွေကို ရင်ဆိုင်နေရတယ်လို့ K-NRECC ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

တောမီး၊ သစ်တောပြုန်းတီးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ကော်သူးလေဒေသရဲ့ ရေမြေတောတောင်တွေကို များစွာ ထိခိုက်ပျက်စီးစေတယ်လို့ သိရပါတယ်။

ကော်သူးလေစုပေါင်းသစ်ပင်စိုက်လ- ဇူလိုင်လကို နှစ်စဉ်ကျင်းပလာမှုဟာ ဒီနှစ်ဆိုရင် ၈ ကြိမ်မြောက်ရှိလာပြီဟု သိရပါတယ်။

ဓါတ်ပုံ – KNU

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature