Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဆောင်းပါး

ကျားများ ရှင်သန်နေသည့် မြေ သို့မဟုတ် သံလွင်ငြိမ်းချမ်းရေဥယျာဉ်

မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်း၊ စိမ်းနက်မှောင်နေတဲ့၊ တောတောင်တွေ ဖုံးအုပ်နေတဲ့ နယ်မြေမှာ ဌာနတိုင်းရင်း သားတွေ ကိုယ်တိုင် ဦးဆောင်ပြီး ရိုးရာဓလေ့ထုံတမ်းတွေနဲ့ ကာကွယ်စောင့်ရှောက်ထားတဲ့ ဇီဝမျိုးစုံမျိုးကွဲ ပေါကြွယ်ဝတဲ့ ထိန်းသိမ်းရေး ဥယျာဥ်ရှိပါတယ်။

စတုရန်ကီလိုမီတာ ထောင်ချီကျယ်ဝန်းတဲ့ အဲဒီဥယျာဉ်ဟာ ထိန်းသိမ်းရေးဘေးမဲ့တော၊ ကျေးရွာပိုင် ဘုံသစ်တော၊ ရိုးရာဓလေ့နဲ့ ထိန်းသိမ်းတဲ့ “ကော်”တွေကို ဒေသခံဌာနေတိုင်းရင်းသားတွေ ကိုယ်တိုင်က စီမံခန့်ခွဲပါတယ်။

သဘာဝစိုက်ပျိုးရေးစနစ်နဲ့ ဘိုးဘွားဓလေ့တို့ကို ပြန်လည် အသက်သွင်းမှုကနေ လူထုဘဝ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မယ်လို့ ဒေသခံတိုင်းရင်းသားတွေနဲ့ ဥယျာဉ်တာဝန်ခံတွေက ယုံကြည်ကြပါတယ်။

သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်လို့ ခေါ်ပါတယ်။ ဒေသခံကရင်တိုင်းရင်းသားတွေအတွက် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် လမ်းကြောင်းအဖြစ် ဥယျာဉ် တာဝန်ရှိသူတွေက ဖော်ဆောင်နေပါတယ်။

ငြိမ်းချမ်းရေးနဲ့ သဘာဝထိန်းသိမ်း စောင့်ရှောက်ရေး၊ တရားမျှတတဲ့ အနာဂါတ်ကို ပေးနိုင်ဖို့ ဇီဝနဲ့ လူသားယဉ်ကျေးမှု အကြား ဆက်နွယ်မှုအပေါ်မှာ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်က အခြေခံတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

“အသက်ရှိနေတဲ့ ဒီဥယျာဥ်ဟာဆိုရင် ကျွန်တော်တို့ ကရင်တစ်မျိုးသားလုံးရဲ့ နိုင်ငံရေး လိုလားချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျနော်တို့နဲ့ နောင်မျိုးဆက်တွေအတွက် ခူးဆွတ်ပေးနိုင်မယ့် ဥယျာဥ်တစ်ခုဖြစ်တယ်” လို့ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

ဒုဗိုလ်မှူးကြီး စောကလယ်ဒိုဟာ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ရဲ့ ဌာနေလူကြီး တစ်ဦးဖြစ်သလို မူတြော်ခရိုင်ရဲ့ အကြံပေးတစ်ဦးဖြစ်တယ်လို့ ပဥ္စမအကြိမ်မြောက် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် အထွေထွေညီလာခံရဲ့ ၂၀၂၄ ၊ ဇန်နဝါရီလက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သံလွင်မြစ်ဝှမ်းဒေသဟာ ရွက်ပြတ်တော၊ ခြောက်သွေ့ရွက်ကြွေတော၊ ထင်းရှုတော၊ တောင်ထူတောနဲ့ တောင်ပေါ်အမြဲစိတ်တောတွေ ရောနှောပေါက်ရောက်လျက်ရှိပြီး ဂေဟစနစ်တွေနဲ့ ပြည်စုံနေတဲ့ ဒေသဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ မူတြော်ခရိုင်ထဲက ၆၀၀၀ စကွဲကီလိုမီတာ ကျယ်ဝန်းတဲ့ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ဟာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနယ်မြေဖြစ်ပြီး ပဂတိအတိုင်း သစ်တောတွေလည်း ကျန်ရှိနေသေးတယ်လို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ KESAN ထုတ်ပြန်တဲ့ Governance: A Review of Policies and Frameworks in Kawthoolei and Myanmar ဆိုတဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။

ဥယျာဉ်ဟာ မူတြော်ခရိုင်၊ မြို့နယ် ၃ မြို့နယ်ထဲက ကျေးရွာပေါင်း ၂၆ ရွာမှ ကိုယ်စားလှယ်တွေ ၃၀၀ ကျော်ရဲ့ စုပေါင်းအားထုတ်ကြိုးပမ်းမှုဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဥယျာဉ်ထဲမှာ ဒေသခံပြည်သူ တစ်သိန်းကျော် နေထိုင်ကြပါတယ်။

တဖက်မှာ ကျားသစ်မျိုးစိတ်တွေဟာ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ထဲမှာ ရှင်သန်ပေါက်ဖွားနေကြတာကို အတည်ပြုထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျား၊ အင်းကျား၊ မလေးဝက်ဝံ၊ အင်ဒိုချိုင်းနား ကျားသစ်၊ မျက်ခုံးဖြူ မျောက်လွှဲကျော်၊ တောခွေး၊ ဒေါင်းမင်းစိမ်း၊ တရုတ်သင်းခွေချပ်၊ ပသျှူး/ မလေးသင်းခွေချုပ်၊ လိပ်ဝါ၊ ပြောင်၊ အောင်လောင်ငှက်နဲ့ ဒေါင်းကုလား/ ဒေါင်းမင်းတဲ့ မျိုးစိတ်တွေ ရှင်သန်နေထိုင်ကြပြီး ကမ္ဘာ့အဆင့် ရှားပါးသားငှက် တိရစ္ဆာန်မျိုးစိတ်တွေ ၊ မျိုးသုန်းလုအန္တရာယ် ရင်ဆိုင်နေရတဲ့ မျိုးစိတ်တွေ နေထိုင်ကျက်စားရာ ဒေသဖြစ်ပါတယ်။

ကင်မရာထောင်ချောက်က ရရှိထားတဲ့ ကျားဓါတ်ပုံတွင် အစာရေစားပေါကြွယ်ဝမှုကို ဖော်ပြနေတဲ့ ဝဖြိုးနေတဲ့ အရွယ်ရောက် ကျားကို တွေ့ရှိရပါတယ်။ ကျားဓါတ်ပုံကို သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်က ၂၀၂၀ ခုနှစ် ဇွန်လ ၅ ရက်က ထုတ်ပြန်ခဲ့တာပါ။

မြန်မာ့ကျားထိန်းသိမ်းရေးနယ်မြေတွေက ကချင်ပြည်နယ်မှာ ဟူးကောင်းချိုင့်ဝှမ်း ကျားထိန်းသိမ်းရေးဒေသ၊ တနင်္သာရီတိုင်းက တနင်္သာရီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနဲ့ စစ်ကိုင်းတိုင်းက ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တွေမှာ ကျားတွေ ကျန်ရှိနေသေးတယ်လို့ ကျားထိန်းသိမ်းရေးသမားတွေက ပြောကြပါတယ်။

ကရင်ပြည်နယ်၊ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ထဲမှာ ကျားတွေ ရှင်သန်နေထိုင်မှုက ထပ်မံအတည်ပြုနိုင်ခဲ့တဲ့ ကျားထိန်းသိမ်းရေးနယ်မြေတစ်ခုဖြစ်ပါတယ်။

Exif_JPEG_420

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ ကျားကောင်ရေ ၈၅ ကောင်ခန့် ရှိတယ်လို့ FFI- Myanmar က ၂၀၂၂ ခုနှစ် ဇူလိုင်လက ထုတ်ပြန်ထားပါတယ်။ မြန်မာ့ကျားကောင်ရေး ကျဆင်းလာမှုရဲ့ အဓိက အကြောင်းချင်းရာတွေက ကျားများ နေထိုင်ကျက်စားတဲ့ နေရင်းဒေသများ၊ သစ်တောများဆုံးရှုံးခြင်း၊ တရားမဝင် ဖမ်းဆီးသတ်ဖြတ်ခြင်းနဲ့ အစိတ်အပိုင်းများအား ရောင်းဝယ်ဖောက်အားခြင်း၊ ကျားများ ဖမ်းဆီးစားသောက်တဲ့ ဆတ်၊ ပြောင်ကဲ့သို့ တောရိုင်းတိရစ္ဆာန်တွေ လျော့နည်းလာခြင်းတို့ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

အရေးကြီးတဲ့ ရှားပါးတောရိုင်းတိရစ္တာန်မျိုးစိတ်တွေ ဒီကနေ့အထိ လူသားနဲ့အတူ ယှဉ်တွဲနေထိုင်းခြင်းက ဌာနေကရင်တိုင်းရင်းသားတွေရဲ့ လူမျိုုးလက္ခဏာကို အခိုင်အမာသက်သေထူ အတည်ပြုပေးနေတယ်လို့ ဝါကလေထာ ကြေငြာစာတမ်းမှာ ဖော်ပြထားပါတယ်။

ရိုးရာယုံကြည်မှုနဲ့ ဓလေ့ထုံးတမ်းယဉ်းကျေးမှုတို့အပေါ် အခြေခံတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံလူထုအကြား နက်ရှိုင်းတဲ့ ပတ်သက်ဆက်နွယ်မှုကို ထင်ဟပ်စေတယ်လို့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇ ရက်က “သံလွင်မြစ်ဝှမ်းအတွင်း ဌာနေကရင်တိုင်းရင်းသားတို့ရဲ့ တောရိုင်းတိရစ္ဆာန် ပူးပေါင်းထိန်းသိမ်းရေး သံဓိဌာန် ကြေငြာစာတမ်း” မှာ ဖော်ပြပါတယ်။

လက်ရှိတွင် ကျေးရွာပိုင် ဘုံသစ်တော ၄၃ ခု၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ၆ ခု၊ ကြိုးဝိုင်းသစ်တော ၉ ခုနဲ့ ဌာနေလူမျိုးစုတို့ စီမံခန့်ခွဲတဲ့ “ကော်” ၂၈၈ ခုကို သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ထဲတွင် သတ်မှတ်တည်ထောင် နိုင်ခဲ့တယ်လို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅ ရက်က သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် အုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

သံလွင်မြစ်ဝှမ်းဒေသမှာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ဥပဒေနဲ့အညီ တရားမဝင် သားကောင်ပစ်ခတ်ဖမ်းဆီးခြင်း၊ သစ်ထုတ်လုပ်ခြင်းတို့ကို စောင့်ကြည့်တားဆီးဖို့ အများပြည်သူတို့ လိုက်နာမှုရှိအောင် ကျေးရွာ သစ်တောကာကွယ် စောင့်ရှောက်ရေး တပ်ဖွဲ့တွေကို ဖွဲ့စည်းထားပါတယ်။

မူတြော်ခရိုင်၊ ကော်သူးလေ သစ်တောဌာန KFD ကလည်း သစ်တောဥပဒေစီးကြပ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

၂၀၂၂၊ ဇွန်လက မူတြော်ခရိုင်၊ ဝါကလေထာရွာမှာ KNU မှ တာဝန်ရှိသူများ၊ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်မှ တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံများအားလုံးပါဝင်တဲ့ တွေ့ဆုံးဆွေးနွေးမှုကနေ “ဝါကလေထာကြေငြာစာတမ်း”ကို အတည်ပြု ထုတ်ပြန်နိုင်ခဲ့ပါတယ်။

အဲဒီထဲမှာ ရှေ့လုပ်ငန်းစဉ် ၉ ရပ်ကို ချမှတ်နိုင်ခဲ့ပါတယ်။ ဓလေ့ထုံးတမ်းအရ တားမြစ်ထားတဲ့ မျိုးစိတ်များအပါအဝင် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိ မျိုးစိတ် (CR)၊ မျိုးသုဉ်းရန် အန္တရာယ်ရှိတဲ့ မျိုးစိတ် (EN)နဲ့ မျိုးသုဉ်းမှု အန္တရာယ်ကျရောက်နိုင်တဲ့ မျိုးစိတ် (VU) စတဲ့ မျိုးစိတ်တွေကို ရှာဖွေပစ်ခတ်ဖမ်းဆီးခြင်း သို့မဟုတ် တရားမဝင် ကူးသန်းရောင်းဝယ်ခြင်းကို ထိန်းချုပ်ရန် ချမှတ်ထားတဲ့ ဥပဒေနဲ့ ပြစ်ဒဏ်တွေပေးခြင်းကို ထိရောက်စွာ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

ဆတ် (Sambar beer) မျိုးစိတ် မျိုးသုဉ်းမသွားစေဖို့ ရှိသင့်တဲ့ ပမာဏတစ်ခုအထိ ပြန်လည်တိုးပွားလာရေး ဆတ်အဖိုနဲ့ အမ ၂ မျိုးလုံးကို ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်ခြင်းကို ဆယ့်နှစ်လ ရာသီ ယာယီပိတ်ပင်ကြောင်း ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြစ်ချောင်းတွေမှာ ကျင်စက်နဲ့ ငါးမဖမ်းဖို့၊ သစ်ပင်တွေ ပြန်လည်စိုက်ပျိုးဖို့၊ ရွာထဲ ဝင်လာတဲ့ သားငှက်တွေကို ပစ်ခတ်ဖမ်းဆီးခြင်း မလုပ်ဖို့ အပါအဝင် ရေရှည်ဆောင်ရွက်ရမယ့် ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေကို ချမှတ်ထားပါတယ်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် သစ်များကို ပြန်လည် ရွေးချယ်ထားပါတယ်။ ဥက္ကဌမှာ စောဖေါလ်စိန်ထွားနဲ့ အတွင်းရေးမှူးမှာ နော်ဘူးမူဖေါ တို့ဖြစ်ပြီး ကော်မတီအဖွဲ့ဝင် ၁၁ ဦး ရှိပါတယ်။

ဥယျာဉ်အုပ်ချုပ်ရေးကော်မတီဝင်တစ်ဦးဖြစ်သလို မူတြော်ခရိုင်ဥက္ကဌလည်းဖြစ်တဲ့ ပဒိုစောထဲဒယ်ကတော့ ပဥ္စမအကြိမ်မြောက် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် အထွေထွေ ညီလာခံမှာ အခုလို့ ပြောခဲ့ပါတယ်။

“သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ရဲ့ ကြိုးပစ်မှုဟာ ကျနော်တို့ ဌာနေကရင်လူမျိုးစုတို့ရဲ့ လူမျိုးနဲ့ ယဉ်ကျေးမှု လက္ခဏာ တွေကို ထိန်းသိမ်းဖို့နဲ့ ပေါ်လွင်ထင်ရှားစေဖို့ ဖြစ်တယ်။ ဒါဟာ ကျနော်တို့ လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြည့်စုံစေနိုင်မယ့် အဓိကကျတဲ့ အရာတစ်ခုဖြစ်တယ်”

ဓါတ်ပုံများ – သံလွင်ငြိမ်းချမ်းရေးဥယျာဉ်

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature