Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

ကျုံကပြင်- တက်ဆိပ်ထိန်းသိမ်းရေးဧရိယာမှာရှားပါးငှက်အပါအဝင် ငှက်မျိုးစိတ် ၁၆၀ တွေ့ရှိ

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကျုံကပြင်ကျေးရွာအုပ်စုထဲက ကျုံကပြင်- တက်ဆိပ် ဒေသသားငှက်ထိန်းသိမ်းရေး နယ်မြေအတွင်း ဒီလ ဩဂုတ်အထိ ငှက်မျိုးစိတ်ပေါင်း ၁၆၀ ကို တွေ့ရှိရတယ်လို့ စာရင်းကောက်ယူထားတဲ့ မှတ်တမ်း တွေအရ သိရပါတယ်။

ကျုံကပြင် – တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေး (KTCG) ဧရိယာမှာ ငှက်တွေကို လေ့လာမှတ်တမ်းတင်ပြီး ထိန်းသိမ်းခြင်းအစီအစဉ်ကို လစဉ်ပုံမှန်ဆောင်ရွက်လာခဲ့ရာ ဒီနှစ် ဩဂုတ်လအထိ ငှက်မျိုးစုံ ၁၆၀ ကို မှတ်တမ်းရရှိတယ်လို့ KTCG အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီငှက်မျိုးစိတ်တွေကို ဌာနေငှက်မျိုးစိတ် (ခေါ်) မြန်မာနိုင်ငံမှာ သားပေါက်မျိုးပွားတဲ့ မျိုးစိတ်၊ မိုးရာသီမှာ သားပေါက်ဖို့ လာရောက်ကျက်စားတဲ့ မျိုးစိတ်နဲ့ ဆောင်းရာသီမှာသာ တွေ့နိုင်တဲ့ ဆောင်းခိုငှက်မျိုးစိတ်တွေအဖြစ် ခွဲခြားနားလည်နိုင်ပါတယ်။

ငှက်မျိုးစိတ်တွေထဲမှာ ကမ္ဘာ့ရှားပါးစာရင်းဝင် ငှက်မျိုးစိတ်တွေလည်း ကျရောက်ကျက်စားနေကြတာကို တွေ့ရှိရတယ်လို့ KTCG အဖွဲ့က ဆိုပါတယ်။

တင်ကျီး၊ ဗျိုင်းမျိုးစိတ်များ၊ ဗောင်တုတ်၊ ရေကြက်မ၊ ကြိုးကြာခေါင်းနီ (Sarus Crane)၊ ပိန်ညင်းမျိုးစိတ်တွေ၊ ရွှေပြည်စိုး၊ ကျီးကန်း၊ ဝတ်ရည်စုပ်နဲ့ ပန်းရည်စုပ်မျိုးစိတ်တွေ၊ စာဘူးတောင်း မျိုးစိတ်တွေ၊ စာပတီးမျိုးစိတ်တွေ၊ စာကလေး မျိုးစိတ်တွေ၊ သပိတ်လွယ်ငှက်၊ ဗွတ်ကလုံမျိုးစိတ်တွေ၊ ကိုင်းစွေ့ (Jerdon’s Babbler) နဲ့ ငှက်လက်မမျိုးစိတ်တွေဟာ ဌာနေမျိုးစိတ်တွေအဖြစ် နှစ်စဉ် အသိုက်ဆောက်လုပ်ပြီး သားပေါက်လေ့ရှိတယ်လို့ သိရပါတယ်။

မိုးရာသီမှာ သားပေါက်ဖို့ လာလေ့ရှိတဲ့ ဥဩငှက်မျိုးစိတ်တွေနဲ့ ဆောင်းခိုဖို့ ရောက်လာလေ့ရှိတဲ့ ဒေါင်းလန်းခြေထောက်၊ ရေညှောင့်ငှက်မျိုးစိတ်တွေ၊ စွန်နဲ့ သိမ်းငှက်တွေ၊ မြီးညှောင့်ငှက်တွေ၊ စာဝါကျား စတဲ့ ငှက်တွေကို တွေ့ရှိရတယ်လို့ သိရပါတယ်။

ဒေသခံဧည့်လမ်းညွှန်တွေရဲ့ အကူအညီနဲ့ အဲဒီထိန်းသိမ်းရေးထဲက ရှားပါးငှက်တွေအပါအဝင် ငှက်မျိုးစုံကို ငှက်ကြည့်ခရီးလာရောက်နိုင်တယ်လို့ KTCG အဖွဲ့က ဖိတ်ခေါ်ထားပါတယ်။

ဓါတ်ပုံများ – KTCG

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature